လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယား(ကရင်နီ)ပြည်နယ်မှာ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ အရေးတကြီးလိုအပ်နေပြီး ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့် ရှောက်ရေးကွန်ရက်ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေပိုမို များပြားလာနေပြီး လက်ရှိမှာတော့ စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ မိုးကာ၊ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ မနက် ၇ နာရီလောက်စပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့တာပါ။
လွိုင်ကော်မြို့ မိုင်းလုံး၊ ပန်ကန်းနဲ့ ရွာတန်းရှည်ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီးကျည် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
လူဦးရေက သုံးသိန်းဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်မှာ လက်ရှိလူဦးရေ ၁ သိန်းခွဲ ကျော်က စစ်ဘေးရှောင်နေကြရသလို လက်ရှိ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တချို့ကပါ စစ် ရှောင်နေရတဲ့အတွက် ကယားပြည်နယ်မှာ ဘေးကင်းလုံခြုံတဲ့နေရာ မရှိတော့တဲ့အနေအထားနဲ့ ရင်ဆိုင်နေပါတယ်။
ကယားပြည်နယ် တပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လုံ ခြုံတဲ့နေရာ မရှိတော့တဲ့အနေအထားမှာ နိုင်ငံတကာအနေနဲ့ Save Zone တခု သတ်မှတ်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးဖို့လည်း ကေအန်ပီပီ အထွေထွေအတွင်း ရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောထားပါတယ်။
၂၀၂၂ ခု ဇန်နဝါရီ ၁ ရက်မှ ဒီကနေ့အထိ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့က ဇန်နဝါရီ ၆ ရက်နေ့ လွိုင်ကော် မြို့ပေါ်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကွက်နေပြည်သူ ၃၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကယားပြည်နယ် အခြေပြု လက်နက် ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KDF၊ KNDF၊ GZ-21 Loikaw တပ်ဖွဲ့တို့အကြား လွိုင်ကော်မြို့ ပေါ်အထိ တိုက်ပွဲတွေပြင်းထန်လာနေတာ ဖြစ်ပါတယ်။