တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အာဏာသိမ်းစစ်တပ် စကခ ၈ လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းဌာနချုပ်မှာ ဇန်နဝါရီ ၅ ရက်က လုံခြုံရေးတာဝန်ယူထားတဲ့ စစ်သားအချင်းချင်း ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်သေဆုံးသွားခဲ့တယ်လို့ အဲဒီတပ်ရဲ့ ကြေးနန်းစာအရ သိရပါတယ်။
ဒုအရာခံဗိုလ် မြင့်ဦး ဦးစီးတဲ့ လုံခြုံရေးအဖွဲ့ဟာ လုံခြုံရေးဆောင်ရွက်နေချိန် တပ်သား စနေမင်းနဲ့ ပြည့်စုံအောင်တို့ စကားများရန်ဖြစ်ခဲ့ကြတာပါ။ တပ်သား စနေမင်းက အသွား ၈ လက်မ အရိုး ၄ လက်မရှိတဲ့ ဓားနဲ့ တပ်သားပြည့်စုံအောင်ရဲ့ ညာဘက်ရင်ညွန့်ဘေးကို ထိုးခဲ့ပြီး တပ်သားပြည့်စုံအောင်ဟာ အဲဒီနေရာမှာတင် သေဆုံးခဲ့ပါတယ်။
ဓားနဲ့ ထိုးခဲ့တဲ့ တပ်သား စနေမင်းကို ဇန်နဝါရီ ၅ ရက်နေ့မှာ တပ်ရင်းဌာနချုပ်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး တပ်ရင်း ဗဟိုကင်းမှာ စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်ဖို့ ချုပ်နောင်ထားတယ်လို့ ခမရ ၄၀၇ တပ်ရဲ့ ကြေးနန်းစာမှာ ရေးသားထားပါတယ်။