စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာက တောတွင်းစစ်ဘေးရှောင်စခန်းတစ်ခုမှာ ဝမ်းရောဂါ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
တောတွင်း ဘုန်းကြီးကျောင်းတစ်ချောင်းမှာ ခိုလုံနေကြတဲ့ စစ်ဘေးရှောင်တွေမှာ မသန့်ရှင်းတဲ့ ရေတွေ သောက်သုံးမိတာကြောင့် ဝမ်းရောဂါ ခံစားနေကြရတာလို့ သိရပါတယ်။
ဝမ်းရောဂါ ဖြစ်တဲ့အပြင် ရာသီဥတု အအေးဒဏ်ကိုလည်း အန်တုခံစားနေကြရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေသလို ကျန်းမာရေး စောင့်ရှောက်မှုလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
လျှပ်စစ်မီး မရရှိတဲ့အပြင် ဖုန်းနဲ့အကူအညီ ဆက်သွယ်တောင်းခံဖို့အတွက်လည်း ဖုန်းငွေဖြည့်ကတ်ဝယ်မရတာတွေ၊ ဖုန်းလိုင်းမမိတာတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။
“စားရေးသောက်ရေးကတော့ ကိုယ့်မိသားစုအတွက် ကိုယ်တိုင်ဖြစ်သလို စီစဉ်ရတယ်။ အချင်းချင်းကူညီပြီး အနီးနားက ရွာတချို့ကလည်းကူညီကြတယ်။ စစ်ဘေးရှောင်လာတာက နှစ်ပတ်လောက်ရှိပြီ အိမ်တွေကလည်း မီးရှို့ခံလိုက်ရတယ်။ တစ်ရွာလုံးပဲ ထွက်ပြေးရတာက စကစက ဝင်မီးရှို့သွားတာ၊ သောက်တဲ့ရေရော သုံးစွဲကြတဲ့ရေရော မသန့်လို့ ဝမ်းပျက်ကြတယ်။ ဝမ်းလျောကြတယ်။ ဆေးလှူချင်တဲ့ သူတွေလည်းရှိတယ်၊ ဒါပေမယ့် ဒီဘက်ကိုလာလို့ မရဘူးလို့လည်းပြောကြတယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
နတ်ချောင်းကျေးရွာက ဒေသခံတွေဟာ နှစ်ပတ်ကြာလောက်အထိ ထွက်ပြေးတိမ်ရှောင်နေခဲ့ရပြီး နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံထားရတာကြောင့် ဒီနေ့ထက်ထိ နေရပ်ကိုပြန်နိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဟာ နတ်ချောင်းကျေးရွာအတွင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ကတည်းက ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတော၊ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
နတ်ချောင်းကျေးရွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ကျေးရွာအတွင်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာ နတ်ချောင်းကျေးရွာအတွင်းကို ထပ်မံဝင်ရောက်ပြီး ရန်ကင်းဘုန်းတော်ကြီးကျောင်းအတွင်းမှာ တပ်စွဲနေထိုင်ခဲ့ကြပါတယ်။
တပ်စွဲနေထိုင်ကြပြီး ချောင်းခွ၊ ပန်းမွန်ချောင်း၊ နတ်မြောင်း၊ စတဲ့ကျေးရွာတွေက ပြည်သူတွေမွေးမြူထားတဲ့ တိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ပြီး နေအိမ်တွေအတွင်းက တန်ဖိုကြီးပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။