ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါမွန်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်က စိတ်မကျန်းမာသူ တစ်ဦးကို သတ်ဖြတ်ပြီးနောက် အလောင်းမှာ PDF ဝတ်စုံ ဝတ်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပါမွန်ချောင်းကျေးရွာက စိတ်မကျန်းမာသူ အသက် ၄၀ အရွယ် ဦးဟရန်လျန်ဆုမ်ကို စစ်ကောင်စီက ကျေးရွာအတွင်း စီးနင်းဝင်ရောက်စဉ် သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အလောင်းကို PDF ဝတ်စုံဝတ်ပေးပြီး ကျေးရွာအတွင်းအမှိုက်ပုံမှာ လာရောက်စွန့်ပစ်ထားတာကို ကျေးရွာသားတွေ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။
ဦးဟရန်လျန်ဆုမ်ဟာ ပါမွန်ချောင်းနှစ်ခြင်း ဘုရားကျောင်းအစောင့်အိမ်မှာ နေထိုင်တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စိတ်မကျန်းမာတဲ့အတွက် ထွက်မပြေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ပါမွန်ချောင်းမှာ အိမ် ၅၀ ကျော်ရှိတယ်၊ အိမ်အားလုံးကို အာဏာသိမ်း စစ်ကောင်စီတပ်တွေက ဖောက်ထွင်း အဖိုးတန်ပစ္စည်းရတနာတွေ ခိုးယူသွားကြပါတယ်။ မနေ့ကလည်း အင်အား ၁၀၀ ကျော်လောက်က ပါမွန်ချောင်းဝေဘူလဘက်တွေကို ပြန်တက်လာကြတယ်။ အလောင်းကို တွေ့ရတော့ ညာဘက်ပွင့်ထွက်ပြီး သေနေတာ အမှိုက်ပုံမှာတွေ့ရတာပါ၊ တိုက်ပွဲဖြစ်တုန်းက အသတ်ခံထားရတာ ဖြစ်နိုင်ပါတယ်။ အလောင်းက ပုတ်ပွနေပြီ။ အလောင်းကောင်ကို PDF ဝတ်စုံဝတ်ပေးပြီး အမှိုက်ပုံမှာ ထားပစ်ခဲ့တာကို တွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉၊ ၃၀၊ ၃၁ ရက်နေ့တွေမှာ ပါမွန်ချောင်းကျေးရွာအတွင်း ညအိပ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ နေအိမ်အတွင်းက တန်ဖိုးကြီးပစ္စည်းတွေကို ဖောက်ထွင်းဝင်ရောက်ယူဆောင်သွားကြတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်လောက်နဲ့ ဇန်နဝါရီ ၅ ရက် မနက် ၁၀ နာရီကျော်လောက်က ချောင်းခွကျေးရာကနေ ပါမွန်ချောင်းကျေးရွာ၊ ဝေဘူလမြို့တွေဘက်ကို တက်လာကြတဲ့အတွက် ကျေးရွာဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟားခါးလေးကျေးရွာက ကျေးရွာသား နှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားရာမှာ စိတ်မကျန်းမာသူ အမျိုးသားကိုသာ ဇန်နဝါရီ ၅ ရက်က ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်တဲ့အမျိုးသား တစ်ယောက်ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြန်လည်လွတ်မြောက်လာသူကို ကျေးရွာက မေးမြန်းကြရာမှာ စစ်ကောင်စီတပ်က ဝေဘူလမြို့နား တောထဲ သွားရာနေရာတိုင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဆက်လက်ဖမ်းဆီးထားတဲ့ တစ်ယောက်ရဲ့ အင်္ကျီ၊ ဘောင်းဘီတွေကိုလည်း တောထဲမှာ တွေ့ရပြီး အလောင်းကို မတွေ့ရတဲ့အတွက် စစ်ဝတ်စုံဝတ်ခိုင်းပြီး လမ်းပြအနေနဲ့ ခေါ်သွားတာ ဖြစ်နိုင်သလို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။