စစ်ကိုင်းတိုင်း မုံရွာမြို့ အာဇာနည်လမ်းမှာ ဇန်နဝါရီ ၅ ရက်နေ့က မိုင်းလာရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရပြီး ၅ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုင်းထောင်ထားကြောင်း သတင်းရရှိတာကြောင့် လာရှာရင်း အခုလို မိုင်းဆွဲခံရတာလို့ မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။
“သတင်းရလို့ လာရှာတာလို့ သိရတယ်။ ကျနော်လည်း လမ်းဖြတ်မလို့ အသွား မိုင်းထကွဲတာ။ စစ်သား ၅ ယောက် အဲ့နေရာတင် ပွဲချင်းပြီးသေတာ မြင်ခဲ့ရတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။”
မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေပြုလုပ်ခဲ့သလို ပတ်ဝန်းကျင်က အပြစ်မဲ့ပြည်သူတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်မှုကိုတော့ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ DRPA အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အဖွဲ့ဝင်တွေက ပြောပါတယ်။
မုံရွာမြို့ အာဇာနည်လမ်းမှာ ပြီးခဲ့တဲ့ ဧပြီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင ဆန္ဒထုတ်ဖော်သူတွေကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၉ ဦး ကျဆုံးခဲ့ဖူးပါတယ်။