မကွေးတိုင်း၊ ကံမမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့မနက်ပိုင်းက ကံမမြို့နယ်ထွေအုပ်ရုံး အပါအဝင် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး ၇ ရုံး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ကံမ PDFတပ်ဖွဲ့ကနေ သိရပါတယ်။
ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအပါဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကို ဒီကနေ့ မနက်အစောပိုင်းက မလွတ်သေးတဲ့ လွတ်လပ်ရေးနေ့ အထိမ်းမှတ်အဖြစ် ကံမPDF တပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ကံမPDF တပ်ဖွဲ့ရဲ့ ခေါင်းဆောင်က ဒီဗွီဘီကိုပြောပါတယ်။
ကံမမြို့နယ် ထွေအုပ်ရုံးနဲ့ အင်းဘဲကျေးရွာမှာ ၂ နေရာ၊ ကြို့ပင်ကျေးရွာမှာ ၁ နေရာ၊ အလယ်ချောင်းကျေးရွာမှာ တစ်နေရာ၊ ညောင်ပင်ကွင်းကျေးရွာမှာ တစ်နေရာနဲ့ ငမဲ ကျေးရွာမှာ တစ်နေရာ ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အများစုကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေဖြစ်တယ် လို့ဆိုပါတယ်။
“ကံမမြို့ထွေအုပ်ရုံးမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ရတယ်ဗျ။ အဲဒီ ပေါက်ကွဲမှု ဖြစ်ပြီးတော့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေရောက်လာပြီးတော့ လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ ကားတွေ ဆိုင်ကယ်တွေကို တစ်နေကုန် စစ်ဆေးနေတယ်”လို့ ကံမမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုအတိကျ သိရှိနိုင်ဖို့ ကံမမြို့နယ် ထွေအုပ်ရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။