ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ဇန်နဝါရီ ၃ ရက် ည ၇ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကရင်နှစ် ၂၇၆၁ ခု၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲကျင်းပနေချိန် ကားရပ်နားကွင်းမှာ အသံဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ကား ၃ စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကို မျက်မြင်တွေရှိသူတစ်ဦးက "လေအသံဗုံးပါ။ ကားအရှေ့အောက်ပိုင်းမှာတပ်ပြီး အဝေးထိန်းခလုတ်နဲ့လား။ ချိန်ကိုက်ထားလားတော့ မသိဘူး။ ကား ၃ စီးတော့ ပျက်စီးသွားတယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူး”လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်ရှိလာပြီး လုံခြုံရေးအတားအဆီးတွေပြုလုပ် စစ်ဆေးခဲ့သလို့ လေယာဉ်ကွင်းအနီး စစ်ဆေးရေးဂိတ်မှာလည်း မြို့ဝင် မြို့ထွက်သွားလာနေတဲ့ ဆိုင်ကယ်နဲ့ ကားတွေကိုပါ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂ ရက် ညနေ ၅ နာရီလောက်က ဘားအံမြို့ အမှတ် ၉ ရပ်ကွက်၊ စစ်တပ်ပိုင် Mytel ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ဘားအံမြို့ပေါ်မှာ နေ့စဉ်နီးပါး ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေတဲ့အတွက် လူငယ်တွေကို ပစ်မှတ်ထားစစ်ဆေးတာတွေ နေ့စဉ်နေရာအနှံ့ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပြည်နယ်ရုံးစိုက်ရာ ဘားအံမြို့မှာ စစ်ကောင်စီက အရေးပေါ်ကာလ လုံခြုံရေးအကြောင်းပြချက်နဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့ ကရင်ပြည်နယ်နေ့ အပါအဝင် ပွဲတော်တွေကို ကျင်းပ ခွင့်ပြုထားပါတယ်။