ချင်းပြည်နယ်၊ ထန်တလန်မြို့ အမှတ် ၁ ရပ်ကွက်မှာ ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က စတင်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တွေ မီးလောင်ခဲ့တယ်လို့ ထန်တလန်ဒေသခံတွေဆီက သိရပါတယ်။
ထန်တလန်မြို့ထဲမှာ CDF Thantlang တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကြရာမှာ စစ်ကောင်စီက မီးလောင်ဗုံး အသုံးပြုပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နှစ်ဘက် ပစ်ခတ်ရင်း စကစ ဘက်က မီးလောင်ဗုံးသုံးပြီး ပစ်တယ်။ အိမ်တွေထဲကိုလည်း ပစ်တယ်။ ဘယ်နှလုံး လောင်သွားပြီလဲတော့ ဒီနေ့လောင်တာတော့ မသိရသေးဘူး။ ၃၀ ရက်နေ့က လောင်တာ ၅၅ လုံး ပါသွားတယ်။ ထန်တလန်မှာ အဲဒီနေ့အထိ အားလုံးပေါင်းဆိုရင် ၆၀၀ ကျော် လောက်အထိ မီးလောင်ပြာကျသွားပြီ၊ လူတွေလည်း နေစရာမရှိတော့ဘူး။”
ဇန်နဝါရီ ၃ ရက်နေ့ မီးလောင်မှုမှာ Johson Memorial Baptist Church ကျောင်းလည်း မီးလောင်တဲ့အထဲ ပါသွားနိုင်ပြီး မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီကလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့တာကြောင့် ထန်တလန်မြို့က လူနေအိမ် ၅၅ လုံးနဲ့ AG အသင်းတော်ဘုရားကျောင်း မီးလောင်ကျွမ်းသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ထန်တလန်မြို့က နေအိမ်တွေကို ဖျက်ဆီး မီးရှို့မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံအားလုံး မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ထန်တလန်မြို့ကို စက်တင်ဘာ ၁၈ ရက်မှာ တစ်ကြိမ်၊ အောက်တိုဘာ ၂၉ နဲ့ ၃၀ မှာ နှစ်ကြိမ်၊ နိုဝင်ဘာ ၆ ရက်နဲ့ ၂၇ ရက်နေ့မှာ နှစ်ကြိမ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ တစ်ကြိမ်၊ ဒီဇင်ဘာ ၄ ရက်နေ့နဲ့ ၈ ရက်နေ့မှာ နှစ်ကြိမ်၊ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။