အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်တဲ့ ဝန်ထမ်းတယောက် ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံ ပန်းချီကားတချပ်ကို ကြမ်းခင်းဈေး အမေရိကန်ဒေါ် လာ ၅၀၀ နဲ့ လေလံတင်ရောင်းချနေပါတယ်။
၂ ပေ × ၃ ပေအရွယ် အဆိုပါ ဆီဆေးပန်းချီကားကိုတော့ “မေတ္တာရေလျဉ်"လို့ အမည်ပေးထားပြီး ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာပါ။
“ကျမတို့ဌာနက CDM ဝန်ထမ်းတဦးဆွဲတဲ့ပန်းချီပါ။ အခုနောက်ပိုင်း CDM တွေကို ကူညီမှုက နည်းလာပြီး CDM တွေ ကိုယ့်ဘာသာ နိုင်သလောက်ရုန်းကန်လာကြပါတယ်။ ပြီးတော့ လှူလည်းလှူတယ်။ သူတို့ရတဲ့ ထောက်ပံ့ငွေကိုတောင် PDF တွေကို လှူကြတာ။ အားပေး လိုက်ကြရအောင်ပါ။ ဘာလို့ CDM တွေရေးတဲ့ ပန်းချီကားကို လေလံတင်ရလဲဆိုတော့ ရန်ပုံငွေအတွက်က တစ်ပိုင်း၊ နောက်တပိုင်းက “ဟယ်….. ငါတို့တွေကို မမေ့ဘူး အား ပေးတယ်တော့” ဆိုတဲ့ စိတ်ခွန်အားပေးချင်လို့ပါ”
လေလံကြမ်းခင်းဈေး ဒေါ်လာ ၅၀၀ သတ်မှတ်ထားတဲ့ ဒီပန်းချီကားကို ဝယ်ယူလိုသူတွေ အနေနဲ့ တခါတိုးရင် ဒေါ်လာ ၅၀ တိုးပြီး ပို့စ်မှာ မှတ်ချက်ပေးပါဝင်နိုင်သလို ချက်ဘောက်စ်ကတဆင့်လည်း ပါဝင်အားပေးနိုင်မှာ ဖြစ်ပါတယ်။
“CDM ဆိုတာ စစ်အာဏာရှင်ရဲ့ရင်ဝကို စိုက်ထိုးထားတဲ့ ဓားတစ်ချောင်းပါ။ အဲ့ဓားကို လူထုအားနဲ့ ဝိုင်းဖိထားဖို့ လိုပါတယ်”
လတ်တလောမှာတော့ ပို့စ်တင်လိုက်တဲ့ အချိန်မိနစ်ပိုင်းအတွင်းမှာတင် ဒီပန်းချီကားကို ဒေါ်လာ ၁၀၀၀ ထိပေးတဲ့သူတွေလည်း ရှိနေပါတယ်။