စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော၊ ပေါက်ပင် ၊ တောပု၊ ကြာပိုင်ကျေးရွာတွေအနီးမှာရှိတဲ့ စစ်ကောင်စီခေါင်းဆောင်မိသားစုပိုင် မိုင်တဲလ် တာဝါတိုင် ဇန်နဝါရီ ၂ ရက်နေ့ ညနေပိုင်းက ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီမိုင်တဲလ်ကို Black Wolf Defence force ၊ Monywa Lightning PDF ၊ Chaung U Local Defence Force၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် Chaung U Revolution Army ၊ Farmers Revolution Force CHU၊ ဗိုလ်မိုးကြိုးနဲ့အဖွဲ့၊ Monywa Underground Revolution၊ Black Eagle People's Defence Force အဖွဲ့ ၈ ဖွဲ့က ရဲဘော်တွေ စုပေါင်းဖျက်ဆီးလိုက်တာပါလို့ ဒေသခံကာကွယ် ရေးတပ်ဖွဲ့ မဟာမိတ်အဖွဲ့ခေါင်းဆောင်တဦးက အတည်ပြုပြောပါတယ်။
မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးပြီး ရရှိလာတဲ့ပစ္စည်းတွေကို စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်ဖို့ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “မိုင်တဲတတိုင်ဖြိုလိုက်ရင် လက်နက်ထုတ်လုပ်ဖို့အတွက် အများကြီး အသုံးဝင်တယ်။ လက်နက်တွေအများကြီး ထုတ်လို့ရတယ်။ ထုတ်လုပ်ပြီးသားတွေလည်း ရှိတယ်။ သူ့အရိုးနဲ့ သူ့ပြန်ထိုးတာပေါ့ဗျ” ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ အနည်းဆုံးကျပ် ၇၂ ဘီလီယံ (ဒေါ်လာ သန်း ၄၀ ကျော်) ခန့်တန်ဖိုးရှိ Mytel တိုင် ၃၆၀ ဖျက်ဆီးခံခဲ့ရတယ်လို့ နိုဝင်ဘာလကုန်မှာ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပြီး မြေပြင်စာရင်းတွေအရ အခုထက်ပိုတယ်လို့ မှတ်တမ်းပြုစုထားသူတွေဆီက သိရပါတယ်။