Home
မြန်မာသတင်း
ရေဦးတွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်၊ ကပေါင်းကျကျေးရွာနေအိမ်များကို စစ်တပ်ကမီးရှို့(ရုပ်သံ)
DVB
·
January 3, 2022
270130114_113844021160522_6853200664476094398_n
270630319_113843927827198_9107617988468546377_n
270310409_113843964493861_7641829477939213619_n
270444637_113843994493858_2494250696003581041_n

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ ဇန်နဝါရီ ၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာမှာတော့ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်မှာ ကင်းလှည့်ပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အင်အား ၁၅၀ ကျော်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရေဦးမြို့နယ် ပါရမီကျေးရွာအနီးမှာ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ နေ့လယ်ပိုင်းမှာတော့ အင်တောကျေးရွာအနီး ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မနက်ပိုင်းတိုက်ပွဲမှာ ရမ်းသန်းပစ်ခတ်တာကြောင့် တမတော ကျေးရွာက လူနေအိမ်တစ်လုံးနဲ့ ကြက်ခြံတစ်ခြံ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရေဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

“ရေဦးမြို့နယ် ပါရမီရွာပြီးတော့ အင်တောကျေးရွာဘက်မှာလည်း ပကဖ/PDFတို့ စစ်–များကို ပြောက်ကျားစနစ်နဲ့ အနီးကပ် ပစ်တယ်။ စစ်– အထိအခိုက်စာရင်း သိရဖို့ထက် ရဲဘော်တွေ မထိခိုက်စေဖို့ အဓိက ထားပါတတယ်။”

စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာကြောင့် အနီးကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြပြီး နီးစပ်ရာပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးကြဖို့ ပကဖ ရေဦးက မေတ္တာရပ်ခံထားပါတယ်။

ဇန်နဝါရီ  ၁ ရက် မနက်ပိုင်းကလည်း ရေဦး PDF အဖွဲ့နဲ့ တန့်ဆည် PDF တို့ပူးပေါင်းပြီး ရေဦးမြို့နယ် အင်တောကျေးရွာအနီးမှာ ရိက္ခာလာယူတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကိုလည်း ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်တွေ ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာတွေမှာ လှည့်ပတ်သောင်းကျန်းနေတဲ့  စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ ဇန်နဝါရီ ၁ ရက်နေ့က ကပေါင်းကျ ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာ ကျေးရွာအတွင်း ထပ်မံဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ရွာထိပ်လောက်ကစပြီး ရှို့နေတာမြင်ရတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး၊ မနက်ပိုင်းကတည်းက ရှို့နေတာ၊ ညနေပိုင်းလောက်အထိပဲ  ရွာနားလည်း မကပ်ရဲကြဘူး” လို့ ပြောပါတယ်။

ကပေါင်းကျ ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၇၀၀ ကျော်လောက်ရှိတဲ့ ကပေါင်းကျ ကျေးရွာအား ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ၁၁ ကြိမ်မြောက် ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှိုဖျက်ဆီးတာကြောင့် ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

ရုပ်သံ-ရေဦး PDF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024