ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-ပူတာအို၊ ဆွမ်ဘရာဘွမ်- ပူတာအို ကားလမ်းပိုင်းတွေကို ဇန်နဝါရီ ၅ ရက်နေ့ကစ ခရီးသွားပြည်သူတွေ မသွားလာကြဖို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
မြစ်ကြီးနား-ပူတာအို၊ ဆွမ်ဘရာဘွမ် နဲ့ ပူတာအို လမ်းပိုင်းတွေမှာ ဇန်နဝါရီ ၅ ရက်ကစပြီး ညနေ ၅ နာရီကနေ မနက် ၆ နာရီအထိ ခရီးသွားပြည်သူတွေကို သွားလာခွင့်မပြုဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ယာဉ်တွေမှာ စစ်နဲ့ပတ်သက်တဲ့ ပစွည်းတွေ သယ်ဆောင်တာနဲ့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်း၀ယ်ဖောက်ကားတာ လုံး၀မလုပ်ကြဖို့၊ ယာဉ်တန်းတွေ အမိုးဖ္ငင့်မောင်းဖို့နဲ့ ခရီးသည်ကားတွေ မှန်ချဖို့ အချက်တွေ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
အသိပေးထုတ်ပြန်ချက်တွေကို ခရီးသွားပြည်သူတွေအနေနဲ့ လေးစားလိုက်နာပေးဖို့နဲ့ လိုက်နာမှု မရှိပါက ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို လုံး၀ တာ၀န်ယူမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ ဒီဇင်ဘာ ၂၉ ရက်ညမှာ ဆွမ်ဘရာဘွမ်ကနေ ပူတာအိုဘက်ကို စစ်အင်အားဖြည့်ဖို့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီစစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၃ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကချင်ဒေသ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ပူတာအိုခရိုင်မှာလည်း စစ်ကောင်စီနဲ့ KIA၊ ပူတာအို PDF တို့ အကြား တိုက်ပွဲမကြာခဏဖြစ်နေပါတယ်။