ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်ဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေရပ်အိမ်ကိုမပြန်ရဲသေးကြဘဲ လွတ်မြောက်ရာ မြဝတီမြို့တွင်း ရှောင်တိမ်းကြရာမှာ စားရေးအခက်ခဲနဲ့ ကြုံတွေ့နေကြရပါတယ်။
စစ်ဘေးရှောင်တွေအတွက် အစားအစာ အဆင်ပြေနိုင်စေဖို့ မြဝတီမြို့ အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို)က ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ချက်ပြုတ် ကူညီပံ့ပိုးပေးနေတယ်လို့သိရပါတယ်။
လေးကေ့ကော်မြို့သစ်ကို ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီတပ်က ကျူးကျော်လာရာက KNLA တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ အလွန်အကျွန်သုံးပစ်ခတ်မှုကြောင့် ရွာပေါင်း ၉ ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာ သောင်ရင်းကမ်းစပ်၊ မြဝတီမြို့ထဲနဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
မြဝတီမြို့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်မိသားစုတွေ များတဲ့အတွက် သံဃာတော်တွေက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ကို အကူညီတောင်ခံလာတာကြောင့် မြဝတီမြို့ စေတနာရှင် အလှူရှင်တွေနဲ့ပူးပေါင်းပြီး စားရေးအတွက်ဖြေရှင်းရတာဖြစ်တယ်။
လတ်တလော မြဝတီမှာ စစ်ဘေးရှောင် မိသားစု ၅၅၀ ရှိနေပြီး စားရေးအတွက် တနပ်ကို ကျပ် ၂ သိန်းကုန်ကျပြီး စစ်ဘေးရှောင်တွေအတွက် ဘယ်သူမဆို လာရောက်လှူဒါန်းနိုင်ကြောင်း မြဝတီမြို့ အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က ဖိတ်ခေါ်ထားပါတယ်။
လေးကော့ကော်ဒေသမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူအတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။