ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ဒီနေ့ တိုက်ပွဲတွေ တနေကုန်ဖြစ်ပွားနေပြီး ညနေ ၃ နာရီ ၄၀ လောက်ကစတင်ကာ စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်နဲ့ပါ လာရောက်ပစ်ခတ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်ကတည်းက ညနေ ၅ နာရီလောက်အထိ တိုက်ပွဲတွေ ကြိုးကြား ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တာဦးက ပြောပါတယ်။
“ကျနော်တို့ဘက်ကို လေယာဉ် ၃ စီးနဲ့ လာပစ်တယ်။ ၃ စီးကို ဟိုးဘက်ပျံလိုက်၊ ဒီဘက်ပျံလိုက်နဲ့ အပေါ်ကနေ ပစ်တာပေါ့၊ အခုတော့ ပြန်သွားလိုက်ပြီ။ ဒါပေမယ့် တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။ တိုက်ပွဲက ကြိုးကြားဖြစ်နေတုန်းပဲ၊ မနက်ကတည်းကလည်းဖြစ်တယ်။ ဒီညနေမှာလည်း ထပ်ဖြစ်တာပေါ့နော်။ ဖြစ်တာကတော့ ကြိုးကြားနဲ့ တနေကုန်နီပါးဖြစ်တောပေါ့နော်။ ”
ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့ သိရပေမယ့် စာရင်းအတိအကျကိုတော့ မသိရသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နောက်တဦးကလည်း “ကျနော်တို့က နောက်တန်းက ဆိုတော့ ပြေပါတယ်။ ရှေ့တန်းရဲဘော်တွေ လက်နက်ကြီးထိမှန်ကြတယ်ပြောတယ်။ လက်နက်ကြီး တအားသုံးတယ်ကော။”
ညနေ ၅ နာရီအထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်လေယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရမှုတွေ ရှိနေပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့ညကလည်း ဒီးမော့ဆိုအခြေစိုက် ခလရ ၄၂၇ တပ်ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စ်ဘက်က ၈ ဦး သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က ည ၈ နာရီခွဲကနေပြီးတော့ သူတို့ကို တပ်အတွင်း ကျနော်တို့ ကပ်ဝင်ပြီးတော့ ပစ်ခတ်မှုတွေ လုပ်ခဲ့တာဗျာ။ ကျနာ်တို့ တဖွဲ့တည်း သီးသန့်လုပ်တာပေါ့။ သေဆုံးတာက ၈ ယောက်ရှိတယ်ဗျာ။ ဒဏ်ရာရတဲ့လူတွေက ကျနော်တို့ခန်းမှန်းခြေက ၂၀ လောက်ရှိတယ်ဗျာ။ ရှေ့မှာ တိုက်နေတဲ့ ကလေးတွေကိုယ်တိုင်က မျက်မြင်ကိုယ်တွေ့မြင်တာပေါ့နော်။ ဒဏ်ရာရတဲ့ လူစာရင်း အဲလောက်များတယ်ဆိုတာက သူတို့ ဒီ ၁၀၂ တပ်အမြောက်တပ်ရှီတယ်။ အဲဒီ ခလရ ၁၀၂ တပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ သူတို့ ၅ လုံးပစ်တယ်။ ၅ လုံးပစ်တော့ သူတို့တပ်တွင်းမှာပဲ သူတို့ပြန်ကျတော့ သူတို့ရဲ့ စစ်သားတွေပြန်ပြီးတော့ ထိတာပေါ့နော်။”
ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲကလည်း ဒီးမော့ဆိုမြို့နယ်မှာ အခြေချတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။