စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက မြို့တော်ခန်းမမှာရှိတဲ့ စစ်ကောင်စီကင်းတဲစခန်း (ဘန်ကာ) အတွင်းကို လက်လုပ်ဗုံးပစ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြောက်ကျားပေါင်းနှစ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို People Defence Force -South Monywa နဲ့ Monywa Hero Group က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အဖွဲ့ဝင်တစ်ဦးက “ဒီနေ့ နေ့လယ်ပိုင်းမှာ မြို့တော်အခန်းမမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာအပါဝင် နေရာနှစ်ခုကို တိုက်ခိုက်ဆောင်ရွက်ခဲ့ပါတယ်” လို့ ပြောပါတယ်။
မြို့တော်ခန်းမတိုက်ခိုက်မှု မတိုင်ခင် မိနစ်ပိုင်းအလိုကလည်း မြန်မာ့စီးပွားရေးဘဏ်အရှေ့ဘက်မှာ ပေါက်ကွဲထွက်ပေါ်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကိုလည်း သူတို့အဖွဲ့လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှုအခြေနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။