စစ်ဘေးရှောင်တွေ နေရပ်ပြန်လာကြဖို့ စစ်ကောင်စီက ကြေညာနေပေမဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးလေးရွာအနီးက စစ်ဘေးရှောင်ပြည်သူတွေကတော့ အိမ်မပြန်ရဲ သေးဘဲ သောင်ရင်းမြစ်ကမ်းပါးမှာ မိသားစုလိုက် ခိုလှုံနေကြဆဲဖြစ်ပါတယ်။
“ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အိမ်အမြန်ဆုံးပြန်နိုင်ရေးနဲ့ အိမ်မှာ မွေးမြူထားတဲ့ ကြက်၊ ဘဲ၊ ဝက်နဲ့ တခြားအိမ်မွေး တိရစ္ဆာန်တွေ ဘယ်လို အခြေအနေမှာရှိနေလဲ မတွေးဝံ့လောက်အောင်ပဲ” လို့ စစ်ရှောင်ပြည်သူ တယောက်က ပြောပါတယ်။
မြဝတီမြို့နဲ့ ၆ မိုင်လောက်အကွာ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေရဲ့ ကျူးကျော်ဝင်ရောက်လာရာက KNLA ၊ PDFပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။
၁၅ ရက်ကြာတိုက်ပွဲကြောင့် မြန်မာ-ထိုင်း နယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာ ခိုလှုံ နေထိုင်သူရှိသလို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မဲကော့ကင်းရွာ ယာယီစစ်ရှောင်စခန်းမှာလည်း စစ်ရှောင်သူ ၆၀၀၀ လောက် လာရောက်ခိုလှုံနေကြပါတယ်။
ဒီနေ့မြဝတီမြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေပစ်ခတ်တာတော့မရှိဘူးလို့ စစ်ဘေးရှောင်တွေထံကသိရပါတယ်။ ဒါပေမဲ့ လက်ရှိအခြေနေဟာ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ကေအန်ယူ နိုင်ငံခြားရေးတာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီမှ စတင်လိုက်တဲ့ တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ရှောင်သူပြည်သူ ၁၄၀၀၀ လောက်အထိရှိနေတယ်လို့ ဖလူးတိုက်နယ် ဥက္ကဋ္ဌက ပြောပါတယ်။
လက်ရှိရာသီဥတုအခြေနေ အေးနေတဲ့အတွက် အသက်ကြီးသူတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် အထူးစိုးရိမ်နေရတယ်လို့လည်း ပြောပါတယ်