ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်က တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ တောင်စလုံး၊ မြောက်စလုံး ကျေးရွာက ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ မိုးကာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။
အဲဒီစစ်ရှောင်တွေဟာ ဂူထဲနဲ့ တောထဲမှာ တဲထိုးပြီး နေနေရတာကြောင့် အခုဟာ မိုးရာသီလည်း ဖြစ်တဲ့အတွက် နေထိုင်ဖို့ မိုးကာကို အရေးပေါ်လိုအပ်တဲ့အပြင် တုပ်ကွေးရောဂါပါ ခံစားနေကြရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
သွားရောက်ကူညီပေးနေသူတဦးက “တချို့မိသားစုဆို ဆန်ကုန်သွားတော့ ကျန်နေသေးတဲ့သူက အပြန်အလှန် ချေးငှားကြတယ်။ ဟင်းကြတော့ တောထဲမှာရှိတဲ့ မျှစ်တွေ အရွက်တွေပဲ စားကြရပါတယ်။ တောထဲမှာဆိုတော့ သောက်ဖို့ရေလည်း မသန့်ဘူး။ ဝမ်းလျှော ဝမ်းပျက်လည်း ခဏခဏဖြစ်တယ်။ ဆေးလည်း အလုံအလောက်မရှိဘူး။ ခု မိုးရာသီဆိုတော့ မြွေအန္တရာယ်လည်း ကြောက်ရတယ်။ သူတို့နေတဲ့ နေရာက ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း မရပါဘူး” လို့ ပြောပါတယ်။
အဲဒီစစ်ရှောင်တွေဟာ တိုက်ပွဲစတင်ပြင်းထန်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး တောတောင်ထဲ ရှောင်နေရပြီး အခု ဇွန်လ ၄ လကျော်ကြာတဲ့အထိ ကျေးရွာထဲ မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
တောထဲက စစ်ရှောင်စခန်းမှာ ကလေးငယ်၊ သက်ကြီးရွယ်အို အပါအဝင် လူဦးရေ ၃၂၆ ဦးရှိပြီး ပအိုဝ်း၊ ကယန်း၊ ကယောလူမျိုးများဖြစ်ကြောင်း သိရပါတယ်။
တောင်စလုံး မြောက်စလုံး ကျေးရွာမှာ အခု စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ၄ လအတွင်း တိုက်ပွဲတွေမှာ အရပ်သား နေအိမ် ၃၀၀ လုံးထက်မနည်း မီးလောင်ပျက်စီးပြီး ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ကျန်းမာရေးဆေးပေးခန်းလည်း ပျက်စီးခဲ့ရပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးလည်း သေဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။