မြန်မာနိုင်ငံမှာ မြို့ပြဆင်းရဲနွမ်းပါးမှုဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေရဲ့ ပေါင်းစပ်ခြိမ်းခြောက်မှုအောက်မှာ သုံးဆတိုးလာဖို့ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ စစ်တမ်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံလူဦးရေ ၅၅ သန်းရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူ ၂၅ သန်းလောက်ဟာ အမျိုးသား ဆင်းရဲနွမ်းပါးမှု တိုင်းတာမျဉ်းအောက်မှာ နေထိုင်ရလိမ့်မယ်လို့ UNDP ရဲ့ စစ်တမ်းက ဆိုထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံရေးအကူးအပြောင်းကတည်းက အိမ်ထောင်စုတွေရဲ့ လူမှုစီးပွားအခြေအနေကို မေလနဲ့ ဇွန်လမှာ မြန်မာနိုင်ငံတဝန်း People's Pulse Survey စစ်တမ်းကောက်ယူခဲ့တာပါ။
နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုဦးရေဟာ ၂၀၀၅ ခုနှစ်ကတည်းက မတွေ့မြင်ရသေးတဲ့ အဆင့်ကို ပြန်သွားဖွယ်ရှိပြီး ကပ်ရောဂါမဖြစ်ပွားမီ စီးပွားရေးတိုးတက်မှု ၁၅ နှစ်ကို ထိထိရောက်ရောက် ဖျက်ပစ်နိုင်ခဲ့ဆိုတာ သံသယဖြစ်စရာမရှိဘူးလို့ ဆိုပါတယ်။
ဆင်းရဲနွမ်းပါးမှု မြင့်မားလာတာဟာ ရှင်သန်ဖို့ ဝင်ငွေမရှိခြင်းအတွက်သာမက မျိုးဆက်သစ်တွေရဲ့ လူသားအရင်းနှီးအပေါ် ဆိုးကျိုးသက်ရောက်နိုင်မယ့် အာဟာရ၊ ကျန်းမာရေးနဲ့ ပညာရေးတို့ကို အန္တရာယ်ကြီးတခုဖြစ်နေတာ မြင်တွေ့နေရတယ်လို့လည်း စစ်တမ်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ မြန်မြန်ဆန်ဆန်ကို ထိုးကျလာတာဟာ ထိလွယ်ရှလွယ် အနေအထားကို ရောက်နေပြီလို့ UNDP အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုရဲ့ ညွှန်ကြားရေးမှူး ကန်နီဝစ်ဂ်နာရာဂျာက ပြောပါတယ်။
ဆင်းရဲတွင်းထဲ လျှောကျသွားတဲ့ ဒီလောက်အတိုင်းအတာဟာ လူလတ်တန်းစားတွေ ပျောက်ဆုံးနိုင်တာကို ဆိုလိုတာဖြစ်ပြီး ဒီအကျပ်အတည်းကနေ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့အတွက် နိမိတ်ဆိုးတခုပဲလို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။
စစ်တမ်းကောက်ယူမှုအရ ချင်းနဲ့ရခိုင်တို့လို ပြည်နယ်တွေမှာ ကပ်ရောဂါမတိုင်မီကနဲ့ စစ်အာဏာသိမ်းမှုမတိုင်မီက ဆင်းရဲနွမ်းပါးမှု တိုင်းတာချက်တွေဟာ မှန်းထားသလို မြင့်မားနေဆဲပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မန္တလေးနဲ့ ရန်ကုန်လို မြို့ပြကြီးတွေမှာတော့ ပိုဆင်းရဲရုံတင်မကဘဲ နွမ်းပါးနေပြီဖြစ်တဲ့ သူတွေကလည်း ဆင်းရဲမှုမျဉ်းအောက်ကို ရောက်သွားမှာ ဖြစ်ပါတယ်။
စစ်တမ်းထဲမှာ မြို့ပြရှိ မိသားစုတွေရဲ့ သုံးပုံတစ်ပုံလောက်ဟာ သူတို့ရဲ့ဝင်ငွေ လျော့ပါးလာမှုတွေကို ပြန်ဖြည့်တင်းဖို့ စုဆောင်းငွေကို အသုံးပြုကြပြီး ထက်ဝက်လောက်ကတော့ စုဆောင်းငွေတောင် မကျန်တော့ကြောင်း ဖော်ပြထားပါတယ်။
မြို့ပြအိမ်ထောင်စုတွေရဲ့ ၂၇ ရာခိုင်နှုန်းလောက်ဟာ သွားလာရေးအတွက် အဓိကဖြစ်တဲ့ မော်တော်ဆိုင်ကယ်ကိုတောင် ရောင်းချဖြေရှင်းကြရကြောင်းလည်း အစီရင်ခံ တင်ပြထားပါတယ်။
ငွေသားရှားပါးလာပြီး ဘဏ်အပ်ငွေ ထုတ်ယူခွင့်လည်း ကန့်သတ်ထားတဲ့အပြင် တချိန်တည်းမှာပဲ ထိခိုက်လွယ် အိမ်ထောင်စုများစွာအတွက် ဘေးကင်းရေးလိုင်းဖြစ်တဲ့ နိုင်ငံတကာငွေလွှဲမှုတွေကိုလည်း ၁၀ ရာခိုင်နှုန်း လျှော့ချခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာခြင်းက တိုင်းပြည်တခုလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း အစီရင်ခံစာက သတိပေးထားပါတယ်။
နိုင်ငံအနေနဲ့ လူမှုဘေးကင်းရေး အသားတင် အစီအမံတွေမှာသုံးစွဲရတဲ့ တစ်နှစ် GDP ရဲ့ ၄ ရာခိုင်နှုန်းကို ကြည့်ဖို့လိုအပ်တယ်လို့ ခန့်မှန်းထားကြောင်းနဲ့ စီးပွားရေးက သိသိသာသာ ကျုံ့သွားပြီး ၀င်ငွေတွေ ပြိုကျနေတဲ့ အခြေအနေမှာ အရေးပေါ်ကုစားပေးဖို့ လူမှုရေး ရင်းနှီးမြှုပ်နှံမှုတွေ မရှိတာကြောင့် အိမ်ထောင်စုတွေဟာ နောင်နှစ်ပေါင်းများစွာ အမြဲတမ်း ဆင်းရဲမွဲတေမှုထဲမှာ နစ်မြုပ်နေရနိုင်တယ်လို့လည်း ဆိုထားပါတယ်။