ကျန်းမာရေးမကောင်းတဲ့ သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင်တွင်းတရားရုံးမှာ ၄ ရက်ဆက်တိုက် အမှုစစ်ဆေးဖို့ စီစဉ်နေပြီး နာမည်ကျော်အနုပညာရှင်အားလုံးကိုလည်း ထောင်ဒဏ်တွေ မြန်မြန်ထောင်ချနိုင်အောင် အမှုစစ်နေတယ်လို့ အကျိုးဆောင် ရှေ့နေတစ်ဦးကပြောပါတယ်။
ဦးနှောက်ကျုံ့ဝေဒနာကြောင့် အင်းစိန်ထောင်တွင်းတရားခွင်မှာ မေ့လဲခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်ကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ၄ ရက်ဆက်တိုက် ရုံးချိန်းခေါ်ပြီး အမှုစစ်နေတယ်လို့ သူ့ရဲ့ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။
ရဲတိုက်ကို လသာမြို့မရဲစခန်းကစွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အမှုကို အထက်အမိန့်ကြောင့် တရားသူကြီးနဲ့ ဥပဒေအရာရှိက ဆက်တိုက်စစ်ဆေးနေတာလို့ဆိုပါတယ်။
ရှေ့နေဦးခင်မောင်မြင့်က "ဒီနေ့ကတော့ ကိုရဲတိုက်ရဲ့ သက်သေတစ်ယောက်ကို စစ်တယ်။ မနက်ဖြန်ထပ်စစ်မယ်။ ၃၀ ရက်နေ့ ထပ်စစ်မယ်။ ကိုရဲတိုက် သက်သေတွေစုံအောင် အပြီးဆက်စစ်ပါမယ်။ လသာကဟာကိုပဲ နေ့တိုင်းစစ်နေတာ။ ၂၇၊ ၂၈၊ ၂၉၊ ၃၀ လေးရက် ဆက်တိုက် စစ်နေတယ်။ ကျနော့်မှာ တစ်နေ့ကို ၄၊ ၅၊ ၆ မှု။ သက်သေဆိုလည်း ၄၊ ၅ ယောက်ခေါ်ခိုင်းပြီး အတင်းကို တွန်းစစ်နေတာ။"လို့ ပြောပါတယ်။
ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ဟာ ဒီဇင်ဘာ ၁၅ ရက်က အင်းစိန်ထောင်တွင်းအထူးတရားရုံး တရားခွင်မှာ ဦးနှောက်ကျုံ့တဲ့ဝေဒနာကြောင့် ရုတ်တရက်မေ့လဲခဲ့တာပါ။
တရားခွင်ကို ရောက်လာချိန်မှာ သရုပ်ဆောင်ရဲတိုက်ဟာ ကိုယ်ပူချိန်မြင့်မားပြီး ဖျားနာနေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ရုံးချိန်းမှာတော့ ရဲတိုက်ဟာ ပြန်လည်သက်သာလာပေမဲ့ အင်းစိန်ထောင်ဆေးရုံမှာ တင်ထားရဆဲ ဖြစ်ပါတယ်။
သရုပ်ဆောင်ရဲတိုက်လိုပဲ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပို၊ ဆယ်လီ ဝင်းမင်းသန်းတို့ရဲ့ အမှုတွေကိုလည်း အင်းစိန်ထောင်တွင်းတရားရုံးမှာ နေ့စဉ်ဆက်တိုက်စစ်နေတယ်လို့ သိရပါတယ်။
မူလက မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေး မှတ်တမ်းတွေအတိုင်း မဆောင်ရွက်ဘဲ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အသစ်နဲ့ အနုပညာရှင်တွေကို ထောင်မြန်မြန်ချနိုင်အောင် အမှုမြန်မြန်စစ်နေတာလို့ ရှေ့နေဦးခင်မောင်မြင့်က ဝေဖန်ပါတယ်။
“မင်းသားရဲတိုက် ကျန်းမာရေးက လတ်တလောတော့ ကောင်းပါတယ်။ လုံးဝအကောင်းကြီးတော့ မဟုတ်ဘူးပေါ့လေ။ ထောင်ထဲက ဆေးရုံမှာ တင်ထားရတယ်။ အဖျားဘာညာတော့ မရှိတော့ပါဘူး။ လူကတော့ နည်းနည်းချိသွားတာပေါ့။ ပြောရင်တော့ဗျာ။ သွားနေတဲ့လမ်းက မြန်မြန်စစ်ပြီးတော့ မြန်မြန်ထောင်ချချင်တဲ့သဘောမျိုးကို သွားနေတာပဲ။ ဘယ်နေ့မှာ ဘယ်လိုစစ်မယ်ဆိုတာ ကြိုတင်လုပ်ထားတဲ့ အစည်းအဝေးမှတ်တမ်းတော့ ရှိတာပေါ့။ ဒါပေမဲ့ အပေါ်ကနေ ညွှန်ကြားချက်အရဆိုပြီး ဥပဒေအရရှိနဲ့ တရားသူကြီးက စစ်မယ်ဆိုရင် ကျနော်က ငြင်းပိုင်ခွင့်မရှိဘူး။ မသွားပြန်ရင်လည်း ကိုယ့်လူက နစ်နာမယ်။ ကျန်တဲ့အနုပညာရှင်တွေလည်း အတူတူပဲ။ သူတို့လည်း တွန်းစစ်နေတာပဲ။ ကိုလူမင်း၊ ပိုပိုရော ဝင်းမင်းသန်းတို့ရော အခုက တွန်းစစ်နေတာ။ အကုန်လုံးနေ့တိုင်းရုံးချိန်းရှိတယ်။”
သပိတ်တွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ပိုင်တံခွန်ကိုတော့ ဒီဇင်ဘာ ၂၇ ရက် အင်းစိန်ထောင်တွင်းအထူးတရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။ နာမည်ကျော် ပရဟိတသမား စာရေးဆရာမ သန်းမြင့်အောင်ကိုလည်း ဒီဇင်ဘာ ၂၇ ရက်နေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။
ပိုင်တံခွန်နဲ့ ဆရာမသန်းမြင့်အောင်တို့ကို ထောင်ဒဏ်တွေချမှတ်ရာမှာ ဥပဒေလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်တွေကို ဘောင်ကျော်ပြီး တရားသူကြီးက အမိန့်ချမှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။