စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့၊ မနက် ၁ နာရီဝန်းကျင်လောက်က စစ်ကောင်စီရဲ့ယာဉ်တန်းဟာ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦးက ''မန္တလေး၊ ၁၃ တပ်၊ တွင်းငယ်ဘက်က တက်လာတဲ့ အစီးရေ ၃၀ ကို ထီးချိုင့်မြို့ဝင်ဂိတ်နားမှာ မိုင်း ၄ လုံးဆွဲတိုက်ခိုက်ခဲ့ပြီး ကျော်ထွက်သွားတဲ့ စစ်ကားတွေကို အင်းတိန်နဲ့ ဇီးဖြူကျင်းရွာတွေနားမှာ မိုင်း ၂ လုံးထပ်ဆွဲလိုက်လို့ အသေအပျောက်များနိုင်တယ်'' လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်ဟာ ညဉ့်နက်ပိုင်းဖြစ်နေတဲ့အတွက် စစ်ကောင်စီတပ်သားသေဆုံးမှု အရေအတွက်ကို မသိနိုင်ဘူးလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာ တွေပြုလုပ်ခဲ့ပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသးပါဘူး။
ရှေ့ဆက် တိုက်ပွဲ ပိုမိုဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေး အသိအစဉ်ထားရှိပြီး ဂရုတစိုက်သွားလာနေထိုင်ကြဖို့ ထီးချိုင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့က အသိပေးထားပါတယ်။