ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက်က ရှေ့နေအမျိုးသား ၁ ဦးကို ရုံးချိန်းသွားချိန်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲလိုက်ပါတယ်။
ရှေ့နေ ဦးကိုကိုကြီးကို ရဲတပ်ဖွဲ့က တရားရုံးကိုလာဖို့ ချိန်းဆိုပြီး ရုံးချိန်လာရောက်ချိန်မှာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဘိုကလေးမြို့နယ်ရှေ့နေအသင်း ဥက္ကဋ္ဌ ရှေ့နေ ဦးစိန်ဝင်းက “ရှေ့နေငှားလို့ရအောင် တရားရုံးက ခွင့်ပေးထားတယ်။ ဦးကိုကိုကြီးကတော့ ကိုယ်တိုင်ထုချေမယ့်သဘောရှိတယ်။ ရှေ့နေအသင်းအနေနဲ့ သတင်းနားထောင်ပြီးတော့ မှန် မမှန် အတည်ပြုပေးလို့ပဲရမယ်” လို့ ပြောပါတယ်။
ရှေ့နေ ဦးကိုကိုကြီးကို ဆန္ဒပြရာမှာပါတယ်ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို ထားသလို ဘိုကလေးမြို့ခံ ဦးအောင်မိုးဦးနဲ့ တခြားလူငယ်တယောက်ကိုလည်း မနေ့က သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲခဲ့ကာ ရုံးချိန်လာတဲ့နေ့မှာ တစ်ခါတည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ရုံးချိန်းလာချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ရှေ့နေအပါဝင် အမျိုးသား ၃ ယောက်အမှုကို လာမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြန်လည် ရုံးချိန်း ချိန်းဆိုထားတယ်လို့ သိရပါတယ်။