မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်က အမျိုးသားတယောက် ပစ်သတ်ခံလိုက်ရတယ်လို့ သူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၄၆ နှစ်အရွယ် ဦးအောင်စိုးဝင်း ဖြစ်ပြီး တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာမှာ နေထိုင်သူဖြစ်ကာ ကျေးရွာကနေ တောင်တွင်းကြီးမြို့ကို ခေတ္တတိမ်းရှောင် လာနေစဉ် တောင်တွင်းကြီးမြို့က စည်ပင်သာယာကျောင်းလမ်း နေအိမ်အနီးမှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နီးစပ်သူကပြောပါတယ်။
“အောင်စိုးဝင်းက စစ်တပ်ကို ထောက်ခံတဲ့သူလည်း ဖြစ်တယ်။ သူ့အမျိုးထဲမှာလည်း စစ်သားရှိတယ်လေ။ ပြီးခဲ့တဲ့ ၂ လ ၃ လလောက်တုန်းက သူ သတင်းပေးလိုက်လို့ စည်သာကြီးနဲ့ အနီးနားကရွာတွေက ၄ ယောက်လောက်လည်း စစ်သားတွေက ပစ်သတ်လို့ သေခဲ့ရတယ်။ ၁၅ ယောက်လောက်လည်း အဖမ်းခံထားရပြီး အမှုတွေ ရင်ဆိုင်နေရတယ်။ အဲ့လိုတွေကြောင့် ရွာကနေမြို့ကို ရှောင်ထွက်လာတာပါ။”
ဦးအောင်စိုးဝင်းဟာ စည်သာကြီးကျေးရွာကနေ ဇနီး ပညာရေးဝန်ထမ်းရှိတဲ့ တောင်တွင်းကြီးမြို့ကို လိုက်ပါနေထိုင်နေတာလို့ သိရပါတယ်။
ဆွေမျိုးတော်စပ်သူတဦးက “သူ့ဗီဇက အရင်ကတည်းက ဟိုတိုင် ဒီတိုင်ဆိုတော့ ရွာမှာစိတ်မချလို့ မြို့ကိုခေါ်ထားတာ၊ အခုတော့ ပိုဆိုးသွားပြီး သေရွာပို့သလိုများ ဖြစ်သွားသလား မသိတော့ပါဘူးရှင်” လို့ ပြောပါတယ်။
ဦးအောင်စိုးဝင်းရဲ့ ဇနီးဖြစ်သူဟာ တောင်တွင်းကြီးမြို့၊ အမှတ် ၁ အ.ထ.က ကျောင်းက အလယ်တန်းပြပညာရေးဝန်ထမ်းတဦးဖြစ်ပြီး သူ အသတ်ခံရတာနဲ့ပတ်သက်ပြီး အမှုဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့ နယ်မြေရဲစခန်းကနေ သိရပါတယ်။
တောင်တွင်းကြီးမြို့မရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက “ဦးအောင်စိုးဝင်းရဲ့ အလောင်းကို ရင်ခွဲရုံကိုသယ်ဆောင်စစ်ဆေးကြည့်တော့ တင်ပါး ၂ ချက်၊ ခါး ၁ ချက်နဲ့ နောက်ကျော ၂ ချက် စုစုပေါင်း ၅ ချက်ထိမှန်ပြီး သေဆုံးသွားတာလို့ ဆေးစာအရသိရတာကြောင့် အမှုဖွင့်လှစ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ အလောင်းကိုတော့ ညတွင်းချင်းပဲ မိသားစုဆီပြန်ပို့လိုက်ပါပြီ'' လို့ ပြောပါတယ်။
ဦးအောင်စိုးဝင်းကို ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ မသိရသေးဘဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ကြေညာချက်တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။