ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၆ မိုင်လောက်အကွာ လေးကေ့ကော်နဲ့ကပ်နေတဲ့ ထီးမဲ့ဝါးခီးရွာဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA၊ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။
“ကျနော်တို့ တပ်တွေ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ မနက် ၄ နာရီကစပြီး ထီးမယ်ဝါးခီးကို ဝင်တိုက်တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးအကူတွေနဲ့ပေးပေမဲ့ နောက်ပိုင်း သူတို့ ဆုတ်သွားတယ်” လို့ ကရင် တပ်မှူးတဦးက ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးစာရင်း မသိရသေးဘဲ KNLA ဘက်ကတော့ အနည်းအကျဉ်း ဒဏ်ရာရသူတချို့ရှိတယ်လို့ ဆိုပါတယ်။
ထီးမဲ့ဝါးခီးရွာဂိတ်ကို စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ကေအန်ယူဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။ ထီးမဲ့ဝါးခီးရွာထဲမှာ နေထိုင်တဲ့ ရွာသားတွေကတော့ ပြီးခဲ့တဲ့ရက်တွေကတည်းက စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
မင်းလက်ပန်ရွာ၊ မယ်ထော်သလေးရွာ၊ မြဝတီမြို့အထွက်၊ ကော့ကရိတ်အထွက်နဲ့ သေ့ဘောဘိုးဒေသ တွေမှာလည်း ဒီနေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
မနက် ၄ နာရီလောက်က မြန်မာဘက်က ပစ်ခတ်တိုက်ခိုက်နေတဲ့ သေနတ်ကြီးသံတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်းပိုင်းလောက်အထိ ကြားနေခဲ့ရကြောင်း မဲဆောက်မြို့ခံ ထိုင်းလူမျိုးတွေကလည်း ပြောပြကြပါတယ်။