မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၆၅ လမ်း၊ ၃၃ လမ်းနဲ့ ၃၅ လမ်းကြားက မန္တလေးခရိုင်တရားရုံး ဒုတိယထပ်စင်္ကြံလမ်းမှာ ဒီဇင်ဘာ ၂၇ ရက် မနက် ၁၀ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် တရားရုံးအတွင်း မျက်နှာကြက်နဲ့ မှန်တွေ ပျက်စီးခဲ့ပြီး မှန်ကွဲတွေ လမ်းမပေါ်ထိ ရောက်ရှိခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
“တရားရုံးက အရင်တုန်းကလောက် လူမများဘူး။ ဗုံးက နှစ်လုံးကွဲတာ။ ထိခိုက်ဒဏ်ရာရသူ မရှိဘူး။ ဗုံးကွဲတော့ အထဲရောက်နေတဲ့ ရှေ့နေတွေလည်း မထွက်ခိုင်းဘူး။ အပြင်ကလူလည်း မဝင်ခိုင်းဘူး။ ရှေ့နေတွေ နေ့ခင်း ၁ နာရီလောက်မှ ထွက်ရတယ်” လို့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက်ကလည်း မန္တလေးခရိုင်တရားရုံးအပြင်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။