နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်နဲ့ ဆက်သွယ်ရေးပုဒ်မ အမှုတွေကို ဒီဇင်ဘာ ၂၇ ရက် ဒီမနက် ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ မူလကစီစဉ်ထားပေမယ့် တရားရုံးက ဇန်နဝါရီ ၁၀ ရက်နေ့မှ အမိန့်ချဖို့ ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ သဘာဝဘေးအန္တရာယ်စီမံ ဥပဒေပုဒ်မအမှုကို ဆက်လက်စစ်ဆေးခဲ့ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဗီဒီယိုကွန်းဖရန့်နဲ့ သက်သေခံချက် ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
ဒီနေ့ရုံးချိန်း ကိုတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကောင်းမွန်နေပြီး ဒေါက်တာဇော်မြင့်မောင်ဟာလည်း ကျန်းမာရေးကောင်းမွန်ပုံရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ဟာ ရုံးချိန်းအတွင်း နှုတ်ဆက်ခဲ့ကြပြီး ဒီမှုအတွက်ရုံးချိန်းကို ဇန်နဝါရီ ၃ ရက်နေ့မှာ ပြန်လည်ခေါ်ဆိုထားပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိတရားရုံးက ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ပြီး ၂ နှစ်ကို သက်သာခွင့်ပေးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီနေ့အထိ အမှု ၁၃ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး အဲဒီအထဲက ၂ မှုကို ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ပါတယ်။