Home
မြန်မာသတင်း
စစ်ကိုင်းမြို့ ဇေယျာကွက်သစ် အုပ်ချုပ်ရေးမှူးရုံးအတွင်း ပစ်ခတ်ခံရ
DVB
·
December 27, 2021
270256865_112190037992587_2541610963942208728_n

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဇေယျာကွက်သစ် ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး ဒီဇင်ဘာ ၂၆ ရက်နေ့မနက်က ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဇေယျာကွက်သစ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်နှစ်စီးနဲ့ လူ ၄ ဦး ရောက်ရှိလာပြီး နှစ်ဦးက ရုံးအတွင်းဝင်ကာ ထောက်ခံစာ ပြုလုပ်လိုကြောင်းပြောပြီး သေနတ်နဲ့ ၄ ချက် ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းမြို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က သိရပါတယ်။

အိမ်ရာမှူးက ထောက်ခံစာရေးဖို့ပြင်ဆင်နေချိန်မှာ တစ်ဦးက သေနတ်ထုတ်ကာ ၃ ချက်ပစ်ခတ်ခဲ့ပြီး နောက်တစ်ဦးက ၁ ချက်ပစ်ခတ်ခဲ့တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦး ကျည် ၂ ချက်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

“အုပ်ချုပ်ရေးရုံးနေရာကလည်း စစ်ကိုင်းက နှစ် ၇၀၀ပြည့် အားကစားကွင်းနဲ့ စစ်တပ်က တပ်ရင်းတွေ ရှိတဲ့နေရာမှာ ရှိတာ။ ရာအိမ်မှူး နှစ်ချက် လက်ကိုထိသွားတာလို့ကြားတယ်။ ရုံးထဲမှာက အဲ့အချိန်က လူတွေရှိတော့ရှိတယ်။ ကျန်တာတွေက ထွက်ပြေးလို့ လွတ်သွားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဇေယျာကွက်သစ်ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့သားနဲ့အဖွဲ့က ရပ်ကွက်ထဲက လူငယ်နှစ်ဦးကို ဓားနဲ့ခုတ်ခဲ့တာကြောင့် မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းမှာလည်း အုပ်ချုပ်ရေးမှူးသားနဲ့အဖွဲ့က ရပ်ကွက်ထဲက လူကြီးတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ကြတာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဇေယျာကွက်သစ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို SRF နဲ့ TKF အဖွဲ့တို့က ပူးပေါင်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ကိုင်းမြို့က ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024