စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ရွာမိဿာကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်း စီးနင်းဝင်ရောက်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရွာထဲကို ဝင်လာတယ်လို့ ကြားတာနဲ့ ဖိနပ်တောင်မပါပဲ ထွက်ပြေး ကြရတယ်။ ဒီဘက်ပိုင်း ကို သူတို့ ဒုက္ခပေးနေတာကလည်း တစ်ပတ်ကျော်လာပြီဆိုတော့ လူတွေက စိုးရိမ်ကြတယ် ကြောက်လန့်ကြတယ်။ တချို့ဆိုလည်း လွယ်ရာ ပစ္စည်းဆွဲပြေးကြတယ်။ သူတို့က အိမ်တွေထဲက ပစ္စည်းတွေဘာတွေ ခိုးသွားကြတာမျိုးဆိုတော့ ကိုယ်ပိုင်ဆိုင်တာတွေ ယူသွားမှာတော့ ကြောက်ကြ တာပဲလေ။ အိမ်ကသာ သယ်လို့မရလို့ သူတို့ဖျက်လို့ဖျက်ဆီးလုပ်လည်း မတတ်နိုင်လို့ ထား ခဲ့ကြရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက်မှာ စစ်ကောင်စီတပ်သားတွေက ရွာမိဿာရွာအတွင်း စစ်ကောင်စီတွေ ဝင်ရောက်လာတာကြောင့် အနီးနားက ကျေးရွာသားတွေကို ကူညီစောင့်ရှောက်ပေးကြဖို့ ရေဦးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတိပေးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၅ ရက်ကလည်း ရေဦးမြို့နယ် ပေါက်တောကျေးရွာကို စီးနင်းဝင်ရောက်ခဲ့ပြီး နေအိမ်တွေဖျက်ဆီးခဲ့ပြီး ရွှေ၊ ငွေ လက်ဝတ်ရတနာတွေကိုလည်း ခိုးယူသွားသလို ခင်ပင်ကျေးရွာက နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့ က ပြောပါတယ်။
တန့်ဆည်မြို့နယ် မြောက်အင်းကျေးရွာကိုလည်း စစ်ကောင်စီက ဒီနေ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ရေဦးမြို့နယ် ရေမြက်ကျေးရွာကိုလည်း ဒီဇင်ဘာ ၂၀ ရက်ကစပြီး စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာကြောင့်ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ကျေးရွာ နေအိမ်ထက်ဝက်နီးပါး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရေမြက်ကျေးရွာကနေ ဒီဇင်ဘာ ၂၄ ရက်မှာ ထွက်ခွာသွားပြီးနောက် ရေဦး မြို့နယ်ထဲက တခြားကျေးရွာတွေကို စီးနင်းဝင်ရောက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။