မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ လမ်း ၈၀ နဲ့ ၈၁လမ်းကြား၊ ၁၇ လမ်း နဲ့ ၁၈ လမ်းကြားမှာ ရပ်ထားတဲ့ အမှတ် (၁) စစ်မြေပြင် ဆေးတပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးရဲ့ ကား ဒီဇင်ဘာ ၂၆ ရက်မနက် ၇ နာရီကျော်အချိန်က လက်လုပ်မိုင်းနဲ့ ပစ်ခံခဲ့ရပါတယ်။
လက်လုပ်ဗုံးနဲ့ ပစ်ခံရတာကြောင့် အမှတ် (၁) စစ်မြေပြင် ဆေးတပ်ရင်းက တပ်ကြပ်ကြီး အောင်ကျော်ညွန့် ရဲ့ ခွေးဘီလူးကား ပေါက်ကွဲကာ မီးလောင်ပျက်ဆီးသွားတယ်လို့ သိရပါတယ်။
“နန်းတွင်းထဲက ဆေးတပ်ကြပ်ကြီးရဲ့ကား ဗုံးနဲ့ ပစ်ခံရတာ။ အဲဒီကားနဲ့ အသွားအလာလုပ်နေတာ။ ကားက သူတို့အိမ်ပိုင်ကားဖြစ်မယ်။ ခွေးဘီလူးအဖြူရောင်။ ရပ်ထားတာကို ဗုံးနဲ့ လာပစ်သွားတာလို့ ကြားတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ကားမီးလောင်ပျက်စီးတဲ့အပြင် အနီးအနားအိမ်က ပြတင်းပေါက်မှန်တွေ ပျက်စီးပြီး အဝတ်လှန်းနေတဲ့ အသက် (၆၀) ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦး မှန်ကွဲစ မှန်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက် မနက် ၇ နာရီ ကျော်လောက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်မိသားစုပိုင် ရတနာပုံခန်းမအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသမီးတယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။