စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာကို ဒီဇင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်း နေအိမ်တွေကို ဖျက်ဆီးသွားသလို ရွှေငွေ တန်ဖိုးကြီးပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
ဒေသခံရွာသား တယောက်က ''စစ်သားတွေ ရွာထဲဝင်လာတော့ တရွာလုံးထွက်ပြေးရတာ။ နောက်ရက်မှ ရွာသားတချို့ပြန်ကြည့်တော့ အိမ်တွေအကုန်နီးပါးဖျက်ဆီးခံထားရတယ်။ အတွင်းပစ္စည်းတွေကတော့ ရစရာမရှိအောင်ပဲဗျာ။ သိမ်းခဲ့မိတဲ့ ရွှေတွေငွေတွေလည်း အကုန်ယူသွားကြတယ်။ စစ်သားတွေက လက်နက်အားကိုးပြီး ဓားပြတိုက်စားနေကြတာပါဗျာ'' လို့ ပြောပါတယ်။
ဒေသခံရွာသားတွေကတော့ ထွက်ပြေးနေကြရတဲ့အတွက် လူစုကွဲနေကြပြီး ကျေးရွာအတွင်းက ဖျက်ဆီးခံရတာနဲ့ စစ်သားတွေယူဆောင်သွားတဲ့ပစ္စည်းတွေရဲ့တန်ဖိုးကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပြကြပါတယ်။
''ဆန် ဆီနဲ့ စားသောက်ကုန်တွေ အကုန်နီးပါးမရှိတော့ဘူး။ ရွှေငွေတွေလည်းကုန်ပြီလို့ သိရတယ်။ သူတို့ထပ်လာမှာကြောက်လို့ ရွာသားတွေလည်း အိမ်မပြန်ရဲကြသေးဘူး''လို့ ထွက်ပြေးနေရတဲ့ဒေသခံတဦးက ပြောဆိုပါတယ်။
ဒီဇင်ဘာ ၂၀ ရက်ကစတင်လို့ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးကာ ကုန်းလမ်းအပါအဝင် ရဟတ်ယာဉ်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၆၀ ကျော်၊ မော်တော်ယာဉ် ၂ စီးနဲ့ ဆိုင်ကယ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
လတ်တလော ရေဦးမြို့နယ်က ကျေးရွာ ၁၀ ရွာနီးပါးက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။