ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ဦးမြမောင် ဟာ ဒီဇင်ဘာ ၂၃ ရက်နေ့၊ မနက်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့က မနက် ၅ နာရီခွဲလောက်က နတ်သံကွင်းမြို့၊ လက်ဖက်ရည်ဆိုင်ထဲမှာ လက်ဖက်ရည်သောက်နေတုန်း လူ ၂ ယောက်က ဆိုင်ကယ်နဲ့လာပြီး ဝင်ပစ်သွားတာ။ အဲ့ဒိ နေရာမှာပဲ ဆုံးသွားတယ်” လို့ မြို့နယ်ထွေ/အုပ်ရုံးဝန်ထမ်းတဦးက အတည်ပြုပြောပါတယ်။
သေဆုံးသွားတဲ့ ဦးမြမောင်ဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ ပဲခူးတိုင်းအစိုးရကနေ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသူလို့ သိရပါတယ်။
မိသားစုနဲ့နီးစပ်သူတဦးက “သူ့ကို အသက်လည်းကြီးပြီ ဘာမှဝင်မလုပ်တော့နဲ့ဆိုတာကို ပြောမရခဲ့ဘူး” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဦးမြမောင်ကို ကျောက်ကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်အဖြစ် ထည့်သွင်းတာဝန်ပေးအပ်ထားတာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဦးမြမောင် သေဆုံးမှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကြေညာချက်တစုံတရာထုတ်ပြန်ထားတာ မရှိသးပါဘူး။
ဒီဗွီဘီက ကျောက်ကြီးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ''ရဲလုပ်ထုံး လုပ်နည်းအတိုင်း အမှုဖွင့်ထားတယ်” လို့သာ တာဝန်ကျရဲ့တပ်ဖွဲ့ဝင်တဦးက ပြန်လည်ဖြေဆိုပါတယ်။