ပဲခူးတိုင်းအနောက်ပိုင်း၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးကို ဒီဇင်ဘာ ၂၃ ရက်နေ့မနက် ၁ နာရီဝန်းကျင်က လက်နှက်ကိုင်ဆောင်ထားပြီး အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့လူတစုက ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
“ပျူစောထီးတွေလား၊ အရပ်ဝတ်ဝတ်ထားတဲ့ စစ်သားတွေလားမသိဘူး ၅ ယောက်လောက်ရှိတယ်။ ဆိုင်ကယ် ၂ စီးနဲ့လာတာ။ လက်နက်တွေလည်းပါတယ်။ ဝန်းတံခါးကိုဖျက်ပြီး ရုံးထဲကပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးတယ်။ တိုက်ဆိုင်တာပဲလားမသိဘူး၊ သူတို့တွေရုံးထဲ ရောက်တဲ့အချိန် မီးပျက်သွားတယ်” လို့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးကတည်းက လူနေထိုင်ခြင်းပဲ ရုံးပိတ်ထားတာ ၉ လလောက်ရှိပြီဖြစ်ပြီး ဝင်ရောက်ဖျက်ဆီးသွားသူတွေဟာ ရုံးအတွင်းမှာ ဗုံးထောင်ထားခဲ့တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ရုံးအနီး သွားရောက်မကြည့်ရှုရဲဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က လက်ပံတန်းမြို့၊ မြို့နယ် NLD ပါတီရုံးကိုလည်း အမည်မသိလူတစုက ဝင်ရောက်ဖျက်ဆီးသွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးညိုမြို့နယ် NLD ရုံးဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မိုးညိုမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် “အလုပ်ရှုပ်နေတယ်ကွာ။ ဒါပဲ” လို့သာ တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲတဲ့ မိုးညိုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကိုလည်း အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ မတရားတရားစွဲပြီး ထောင် ၃ နှစ်ချမှတ်ထားတယ်လို့ သိရပါတယ်။
ရန်ကုန်က NLD ပါတီရုံးချုပ်အပါအဝင် နိုင်ငံအဝှမ်းက NLD ပါတီရုံးတွေ ၇၅ ကြိမ် ဖောက်ခွဲဖျက်ဆီးခံထားရတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။