မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ နေလယ်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ် ထိုးစစ်ဆင်နေပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ပြည်သူ ၂ ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့နယ်တွေမှာ ရဟတ်ယာဥ်တွေနဲ့ တောက်လျှောက်ဝဲနေပြီးတော့ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နတ်ချောင်းရွာဒေသခံတစ်ယောက်က ပြောပါတယ်။
“ရဟတ်ယာဥ်တွေနဲ့ နတ်ချောက်းဘက်ကို လာပစ်တာ ၅ ခေါက်ရှိသွားပြီ။ နတ်ချောင်းစာသင်ကျောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ထွက်ပြေးတိမ်ရှောင်ပြီး ပုန်းနေတဲ့ နတ်ချောင်ရွာကားတစ်ယောက်နဲ့ ကလေးငယ် တစ်ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်။”
နတ်ချောင်းရွာနားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြင်းထန်နေတာကြောင့် နတ်ချောင်းရွာအပါဝင် အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံပြည်သူ ၂၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ် နဲ့ ကျောမြို့ကြားမှာ စစ်ကောင်စီယာဥ်တန်း မိုင်ဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ကျောမြို့ က.ပ.စ ကနေ နောက်ထပ် စစ်ကား ၂၇ စီးပြန်ထပ်ထွက်လာပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါနဲ့ ကလေးမြို့နယ်တွေက ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးတာတွေပြုလုပ်သလို ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူပြီး ပြည်သူတွေ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကျောမြို့ဘက်ကနေ ဂန့်ဂေါဘက်ထွက်လာတဲ့ ခရီးသွားပြည်သူတွေရဲ့ ကားတွေကိုလည်း ဒီကနေ့မနက်ပိုင်းက သေနတ်တွေပစ်ဖောက် ခြိမ်းခြောက်ကာ ကားတစ်စီးကို ငွေ ၅၀၀၀၀ ကျပ်နှုန်း တောင်းယူနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကားသမားတစ်ယောက်က ပြောပါတယ်။
“ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာတွေမပြုလုပ်ဖို့ ထုတ်ပြန်ထားပေမယ့် ကားတွေက လမ်းမှာပိတ်မိနေလို့ ရသလောက်လေး ရှေ့တိုးကြတာ။ ကားအစီးရေ တော်တော်များတယ်ဗျ။ ကားကြီးတွေရော အိမ်စီးကားတွေပါ၊ တစ်စီးကို ၅၀၀၀၀ ကျပ်ပေးရတာ” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နဲ့ ကျောမြို့ကြား ပုံညာအဆင်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်က စစ်ကောင်စီယာဥ်တန်း ကား ၂၄ စီးကို YDF-ကျော တပ်ရင်း (၁၂)က မိုင်း ၈ လုံးခွဲပြီး လက်လုပ်လောင်ချာနဲ့ ၄ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ YDF-ကျော ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့ YDF ကျောတပ်ဖွဲ့က မိုင်းဆွဲပြီးတော့ လက်လုပ်လောင်ချာနဲ့ ပစ်ခတ်တဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေ ကားပေါ်ကနေ လွင့်ထွက်သွားတာတွေ့ရတယ်ဗျ။ စစ်ကောင်စီတပ်သား ၃၀ ကျော်လောက်သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် YDF က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲ အတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေနေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာလည်း ဒီဇင်ဘာလ ၁၇ ရက်နေမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၉ ယောက်ကျဆုံးခဲ့ပါတယ်။