စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှာ ယင်းမာပင်ပြည်သူကာကွယ်ရေးတပ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၂၂ ရက်နေ့မနက်ပိုင်းစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ယင်းမာပင် မြောက်ယမား PDF တာဝန်ရှိသူတစ်ဦးက “ဒီမနက်ပိုင်းအစောပိုင်း စစ်ကောင်စီတပ်တွေ ယင်းမာပင်နယ်တွေကို ထိုးစစ်ဆင်လာခဲ့တယ်၊ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြန်ပြီး ခုခံတိုက်နေတယ်။ အထိအခိုက်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ပြောင်းပြာရွာ၊ ရေကျက်ဆူ၊ မြို့ပေါ် လက်လုပ်လေးရွာ၊ ညောင်တုန်းရွာတောင် စတဲ့ရွာက ပြည်သူတွေ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေတယ်။ အခု ယင်းမာပင်နယ်မှာရှိတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်။”
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေး ကားလမ်းပေါ်မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ရဲကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အရပ်သား ၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ တိုက်ခိုက်မှုကို ချောင်းဦး ဒေသခံ PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် နောင်ကြီးအိုင်ကျေးရွာအုပ်စုမှာ လှည့်ကင်းဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်စိတ်တစ်ခုကို အရာတော်မြို့နယ်တော်လှန်ရေး အင်အား စု(ARA)က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေနဲ့ ပြင်းထန်ဒဏ်ရာရသူတွေကို ခွေးဘီလူးကားတစ်စီးနဲ့ တင်ဆောင်ပြီး အရာတော်မြို့ဘက်ကို ထွက်ခွာမောင်းသွားတယ်လို့ ARA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရာတော်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးတာ ဒေသခံပြည်သူတွေကို နှိပ်စက်သတ်ဖြတ်မှုတွေ နေ့စဉ်နဲ့အမျှပြုလုပ်နေတယ်လို့ သိရပါတယ်။