ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီးမီလော့ကျေးရွာမှာ ဒီဇင်ဘာ ၂၁ ရက်က ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာရှိ နေအိမ် ၁၀ အိမ်လောက်ကို အိမ်တံခါးတွေဖျက်ဆီး ဝင်ရောက်ရှာဖွေပြီး ရွာသားတချို့ကိုဖမ်းဆီးပြန်လွှတ်ပေးခဲ့ပါတယ်။
ဒေသခံရွာသား တဦးက “သူတို့ သူများအိမ်ကို ဝင်မွှေတယ်။ ၁၀ လုံးကျော်တော်တော့ အမွှေခံရတယ်။ မွှေခံရတဲ့အိမ်က ပစ္စည်းတွေအကုန်လုံးပွကုန်တယ်။”လို့ ပြောပါတယ်။
ဒါအပြင် မနက် ၇ နာရီလောက်ကလည်း နွားကျောင်းသား ၃ ယောက် အပါအဝင် လူငယ် ၆ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး နေခင်းပိုင်းလောက်မှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဆီးမီလော့ကျေးရွာဟာ အိမ်ခြေ ၁၆၀ လောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိစစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် နေအိမ်တချို့ကို ဝင်ရောက်မွှေပြီး ပစ္စည်းတချို့ကိုပါ ယူဆောင်သွားတယ်လို့လည်း အဆိုပါဒေသခံက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း နေအိမ်အတော်များများဖျက်ဆီးခံရသလို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိနေပါတယ်။