ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြရတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေအတွက် စားနပ်ရိက္ခာပို့ဆောင်ဖို့ကြိုးစားနေရာမှာ မြန်မာဘက်မှာလည်း လမ်းခရီး လုံခြုံရေးတင်းကျပ်နေသလို ထိုင်းဘက်ကနေပို့ဆောင်ဖို့လည်း ထိုင်းစစ်တပ်က လုံခြုံရေး တင်းကျပ်ထားတဲ့အတွက် အခက်ခဲများစွာကြုံနေရတယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။
ထိုင်းနိုင်ငံ မယ်ခို့ကင်းကျေးရွာအနီးသောင်ရင်းမြစ်အနီး စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ဟာ စစ်ဘေးရှောင်စခန်းတွေကို မရောက်ရှိသေးဘဲ သောင်ရင်းမြစ်ကမ်းအနီး ယာယီတဲတွေ ဆောက်လုပ်နေကြရပြီး အစားအစာအပြင်၊ ခြုံစောင်၊ မိုးကာစနဲ့ ဆေးဝါးတွေလည်း လိုအပ်ကြောင်း သွားရောက် ကူညီထောက်ပံ့ပေးနေတဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ထံက သိရပါတယ်။
အစားအသောက်တွေနဲ့ ကူညီပေးတဲ့ ပစ္စည်းတွေကို ထိုင်းဘက်ခြမ်း မယ်ခို့ကင်းကျေးရွာမှ တဆင့် သောင်ရင်းမြစ်ထဲမှ ရေဇလားတွေနဲ့ ခက်ခဲစွာ သယ်ယူနေရပြီး မြန်မာနိုင်ငံဘက်ကမ်းကို ပို့ဆောင်ပေးနေရတာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စစ်ဘေးရှောင်စခန်းတွေကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေ ရှိသလို ဒီနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံဘက်ကမ်း သောင်ရင်းမြစ်ကမ်းဘေးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် ၇၀၀၀ ဝန်းကျင်ရှိနေပြီလို့လည်း သွားရောက် ကူညီပေးနေသူတွေက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြန်မာဘက်မှာ တိုက်ပွဲကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေကို မဲဆောက်မြို့ရှိ မယ်သောင်ကန် စာသင်ကျောင်းနေရာနဲ့ မယ်ကိုကင်း နွားခြံ ယာယီစခန်း ၂ နေရာမှာထားရှိပြီး စစ်ဘေးရှောင် ၅၀၀၀ ဝန်းကျင် ရောက်ရှိ ခိုလှုံနေကြပါတယ်။
ထိုင်းဘက်က နောက်ထပ် ဒုက္ခသည်တွေကို လက်မခံသေးတာကြောင့် မြန်မာဘက်မှ စစ်ရှောင်လိုသူတွေ ထပ်ရောက်မလာသေးဘဲ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။
မြဝတီမြို့ရပ်ကွက်တချို့မှာလည်း တိုက်ပွဲကြောင့် ထွက်ပြေးခိုလှုံနေသူတွေရှိပြီး ဒီရက်ပိုင်း စစ်ကောင်စီတပ်နဲ့ KNLA တို့အကြား တိုက်ပွဲ ပြင်းထန်လာပါက ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးလာဖို့ အခြေအနေရှိနေတယ်လို့ နယ်စပ်နေထိုင်တဲ့ KNLAနဲ့ နီးစပ်သူက ပြောပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်က ကေအန်ယူနယ်မြေ လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာရာက တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာဖြစ်ပြီး ဒီနေ့လည်း ကော့ကရိတ်မြို့ အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။