စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီဇင်ဘာလဆန်းပိုင်းက စတင်ကာ ရဲစခန်းတိုင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို စစ်သင်တန်းပေးဖို့ ညွှန်ကြားခဲ့ပေမယ့် မအူပင်မြို့မှာတော့ အမျိုးသမီးတွေက သင်တန်းတက်ဖို့ ငြင်းဆန်းခဲ့တယ်လို့ သိရပါတယ်။
စစ်သင်တန်းပေးဖို့ ရဲအမျိုးသမီး အင်အား ၁၀၀ ကျော်ကိုစုပြီး သင်တန်းစပေးတဲ့နေမှာတင် ငြင်းဆန်ခဲ့ကြတာကြောင့် သင်တန်းကို ရပ်နားခဲ့ရတယ်လို့ ရဲလေ့ကျင်ရေးဌာန တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“သင်တန်းစတဲ့နေ့ကတည်းက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းအမျိုးမျိုးဝိုင်းပြတာပေါ့ နောက်ဆုံး မရတော့ ရဲလိုင်းခန်းအပြင်ထွက်နေမယ်၊ မိဘအိမ်ပြန်နေမယ်ပြောတာ။ အခုတော့ ရပ်ထားရတယ်” လို့ ပြောပါတယ်။
ရဲတွေရဲ့ ဇနီးတွေကို သင်တန်းပေးပြီး ရဲစခန်းနဲ့လိုင်းခန်း လုံခြုံရေးစောင့်ခိုင်းဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တိုက်ရိုက်ညွှန်ကြားခဲ့တာဖြစ်ပြီး သင်တန်းတက်ရမယ့်အထဲမှာတော့ ဒုရဲမှူးအဆင့်အောက်ရဲအရာရှိတွေရဲ့ ဇနီး တွေပါ ပါဝင်နေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးတဲ့နေရာတွေ၊ ကင်းပုန်းဝပ်တဲ့နေရာတွေမှာ ရဲအင်အားအများအပြား သုံးနေရတာကြောင့် စခန်းလုံခြုံရေးအတွက် သင်တန်းပေးနေတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။