တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားတွေကို တရုတ်အစိုးရက ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး နေရပ်ပြန်ပို့နေတယ်လို့ သိရပါတယ်။
မြန်မာလုပ်ငန်းရှင်တစ်ဦးက "လက်ရှိ ရွှေလီအခြေအနေက ညတွင်း ချင်းစစ်၊ ညတွင်းချင်း အထုပ်တွေပြင်ခိုင်းနေတယ်။ ဘာကြောင့်ဆိုတာတော့ မသိရဘူး။ ရောဂါပိုးကြောင့်တော့ မဟုတ်လောက်ဘူး" လို့ ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ လက်ရှိစုနေတဲ့ နေရာတွေမှာ ရဲကားရပ်ပြီး ချက်ချင်းဝင်လာကာ ခေါ်ဆောင်သွားပြီး ညတွင်းချင်း မြန်မာဘက် ပို့ဆောင်နေတယ်လို့ ရွှေလီရောက် မြန်မာလုပ်သား တစ်ဦးက ပြောပါတယ်။
"ဂျယ်ကမ်းလမ်းဘက်က တစ်ရပ်ကွက်လုံး အကုန်လုံး ညတွင်းချင်း ပြန်ခိုင်းတယ်။ အခုလမ်းတိုင်းမှာ စစ်နေတယ်။ သွားလာရ သတိထားရမှာ။ ရက်မချိန်းဘူး။ တခါတည်း ပြန်ပို့တယ်။ ရပ်ကွက် လူကြီးတွေတောင် ဘာမှ မသိဘူးတဲ့။ သူတို့ပြောတာက အကုန်ပြန်ရမယ်တဲ့၊ အနှေးနဲ့ အမြန်ပေါ့နော်။"
ဒီဇင်ဘာလ ၁၉ ရက်နေ့ညကစပြီး ထိုက်လီဂိုင်းမှာလည်း မြန်မာနိုင်ငံသားတွေကို ဆိုင်ကယ်တွေရပ်ခိုင်းပြီး ပတ်စပို့စ် ရှိ၊ မရှိ စစ်ဆေးမေးမြန်းကာ တရုတ်အချိန် ည ၁၀ နာရီနောက်ပိုင်း မလိုအပ်ဘဲ အပြင်မထွက်ဖို့ ပြောကြောင်း၊ ကျမ်းမျဥ်းကွမ်းချမ်းမှာလည်း ၁၀ ယောက်လောက် ကားပေါ်တင်သွားလို့ သူက ဆိုပါတယ်။
တရားဝင် ထုတ်ပြန်ချက် မတွေ့ရပေမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစ ၂၆ ရက်နေ့အထိ တရုတ် အချိန်ည ၁၀ နာရီ နောက်ပိုင်း အပြင်မထွက်ဖို့၊ ၁၀ နာရီနောက်ပိုင်း မြန်မာနိုင်ငံသားတွေကို လမ်းပေါ် တွေ့ရှိပါက အစစ်အဆေး အမေးအမြန်းမရှိ ဖမ်းဆီးပြန်ပို့မယ်ဆိုတဲ့ အကြောင်းကြားစာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။
ပရဟိတ လုပ်နေသူတဦးက "ဘာကြောင့် ခုလို အရေးပေါ် အချိန်မတော် ပြန်လွှတ်တာကိုတော့ အသေးစိတ် မသိဘူး။ ကျနော်ကြားသိရသလောက်တော့ မြန်မာနိုင်ငံသားတွေကို အားလုံးပြန်ပို့ပေးမယ်။ လုံးဝ နေခွင့်မပေးတော့ဘူးလို့ကြားထားပါတယ်" လို့ ပြောပါတယ်။
ညတွင်းချင်း ပို့ဆောင်ခံရသူတွေက အိတ်တလုံးစာသာ သယ်လို့ရပြီး မူဆယ်နားက ပန်ခမ်းရွာ အကျော် နမ့်ခို ရှမ်းရွာ ခိုးပေါက်ကနေ ပို့ဆောင်တာ များတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ရွှေလီ၊ ဝမ်တိန် နယ်စပ်မြို့ တွေမှာ ကျန်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အများစုဟာ ၉ လ ဝန်းကျင်ခန့် ကျယ်ဂေါင်ထဲ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေ၊ ၅ လကြာ ပိတ်မိနေတဲ့ ဝမ်တိန်ထဲက ကုန်ပစ္စည်းတွေ အကုန်မထွက်ရသေးတာကြောင့် စရိတ်အကုန်ကျခံကာ စောင့်ဆိုင်းနေထိုင် နေရတာလို့ မြန်မာကုန်သည် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ၊ ကုန်သည်လုပ်ငန်းရှင်တွေ၊ ကုန်ဂိတ်လုပ်ငန်းရှင်တွေ၊ ကုန်တင်ကားပိုင်ရှင်တွေ၊ ယာဉ်မောင်း/ယာဉ်နောက်လိုက်တွေရဲ့ အခက်အခဲတွေကို တတ်နိုင်သရွေ့ ညှိနှိုင်ဖြေရှင်းဖို့ တရုတ်ဘက်ရောက် မြန်မာနိုင်ငံသားတွေက တောင်းဆိုခဲ့ကြပါတယ်။