Home
မြန်မာသတင်း
မဲဆောက်တွင် တောင်ပေါ်မှပြုတ်ကျသေဆုံးသွားသည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်၏ မိသားစုကို ကူညီထောက်ပံ့
DVB
·
December 20, 2021
268864088_452281456270464_2167237635644212705_n

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ တာဝန်ထမ်းဆောင်ရင်း တောင်ပေါ်ကနေ ပြုတ်ကျ  သေဆုံးသွားတဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင် မြို့နယ်ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို  သက်ဆိုင်ရာက ထောက်ပံ့ကူညီမှုတွေ လုပ်နေတယ်လို့ ထိုင်း သတင်းမှာဖော်ပြပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ဝင်ရောက်မှုနဲ့ ရာဇဝတ်မှုတွေ ကာကွယ်တားဆီးရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့  ထိုင်းစစ်သား ၂ ယောက် တောင်ထိပ်ကနေ မြေပြင်အခြေအနေတွေ ထောက်လှမ်းကြည့်ရှုစဉ် တောင်ပေါ်ကပြုတ်ကျလို့ တယောက်သေဆုံးကာ တယောက် ဒဏ်ရာရသွားခဲ့ပါတယ်။  

ထိုင်းစစ်တပ် အမှတ် ၁၄ ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီးအဆင့်ရှိ  ကျကရစ် ပင်ပရယွန်း (၂၉ နှစ်) နဲ့  မြို့နယ်ပြည်သူ့စစ်  ဝပ်ချရာ မုန့်မီး (၃၅ နှစ်) တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက မဲဆောက်မြို့နယ် မဲ့လမောကျေးရွာအုပ်စု ဘန့်ဟွေ့ဟန့်ရွာအနီး တောင်ပေါ်မှာ နယ်စပ် ဒေသ တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေ ကာကွယ်နှိမ်နင်းဖို့ မြေပြင် အခြေအနေတွေလှမ်းမျှော်ကြည့်ရှုထောက်လှမ်းစဉ် အနက် ၁၀၅၇ မီတာခန့်ရှိ လျှိုကြီးထဲကို ပြုတ်ကျသွားခဲ့တာပါ။ 

သူတို့ဟာ စကားပြောစက်နဲ့ မိခင်တပ်ရင်းကို အကြောင်းကြားခဲ့ပေမယ့် ခရီးဝေးတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ချက်ချင်းရောက်မလာနိုင်ကြပါဘူး။

စစ်တပ်၊ ရွာသားနဲ့ ကယ်ဆယ်ရေးတွေပါတဲ့အဖွဲ့ဟာ ကားနဲ့ ၄ နာရီကြာစီး၊ တောတောင်ထဲမှာ ၄ နာရီကြာ ခြေလျင်လျှောက်ပြီး ၁၈ ရက်နေ့မနက်မှာမှ သူတို့ကျသွားတဲ့လျှိုနားကို ရောက်လာပါတယ်။ တောင်တက်ကျွမ်းကျင်သူတွေက မတ်စောက်တဲ့ လျှိုထဲကို  ကြိုးနဲ့တွဲလဲဆင်းကြပြီး သူတို့ နှစ် ဦးကို အချိန် ၃ နာရီနီးပါး ခက်ခက်ခဲခဲ ဆွဲ တင်ခဲ့ရပါတယ်။ 

ပြည်သူ့စစ် ဝပ်ချရာမုန့်မီးက ကျောက်ခဲတွေပြုတ်ကျပိကျလာတဲ့ ဒဏ်ရာနဲ့ လျှိုထဲမှာတင် သေဆုံးသွားပြီး တပ်ကြပ်ကြီး ကျကရစ်ကတော့ ပေါင်မှာဒဏ်ရာပြင်းကာ  ခန္ဓာကိုယ်အနှံ့မှာ လည်းပွန်းပဲ့ရတွေ ရရှိခဲ့ပါတယ်။ ကိုးကား - https://mgronline.com

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013