မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ဂန်ဂေါမြို့နယ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၂ ယောက်သေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါတပ်ရင်းက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
နှမ်းခါးရွာကို ရဟတ်ယာဥ်နဲ့ အကြမ်းဖက်တိုက်ခိုက်တုန်းက ရဟတ်ယာဥ်ပေါ်ကနေ ချထားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ မနေ့က မနက်ပိုင်းမှာ တောင်ခင်ရန်း ရဲစခန်းကနေ မြင်သားရွာကို စစ်ကြောင်းထိုးလာတာကြောင့် PDF-ဂန့်ဂေါ တပ်ခွဲ ၁၈ က ဗိုလ်ဂဠုန်နဲ့ အဖွဲ့က ပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
PDF-ဂန့်ဂေါ တပ်ခွဲ(၁၈)က ရဲဘော်တွေအနေနဲ့ အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ မြင်သားကျေးရွာက အပြစ်မဲ့ ပြည်သူတစ်ယောက်ရဲ့ နေအိမ်တစ်အိမ်ကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဂန်ဂေါမြို့နယ်ထဲကို ကုန်းကြောင်း၊ လေကြောင်းကနေ ထိုး စစ်ဆင်တိုက်ခိုက်နေသလို ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ပြုလုပ်နေတယ်လို့ နှမ်းခါးကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တို့မှာလည်း စစ်ကောင်စီတွေယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တစ်ကိုယ်တော် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အယောက် ၃၅ ထက်မနည်း သေဆုံးခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကို ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ဆားလင်းကြီးမြို့ သမိုင်းဝင် အင်ကြင်းတောင် အနောက်ဘက် ကွေ့အဆင်းမှာ စစ်ကောင်စီတွေ လိုက်ပါလာတဲ့ ကားကို ဆားလင်းကြီး တစ်ကိုယ်တော် PDF သုဘရာဇာက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၉ရ က်နေ့ညပိုင်းကလည်း ယင်းမာပင် တယ်ပင်ကန်ရွာအနီးမှာ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီယာန်တန်းကို မြောက်ယမားပြည်သူ့ကာကွယ်ရေးနဲ့ Hero Tigers အဖွဲ့တို့ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ကနီ စတဲ့မြို့တွေကို ကုန်းကြောင်းနဲ့ သာမက ရေကြောင်း၊ လေကြောင်းတွေကိုပါ ထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။