ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ကျေးရွာသားတွေ ထိုင်ဘက်ကမ်း ကူးမရတာကြောင့် သောင်ရင်းမြစ်ကမ်းနားမှာ ဖြစ်သလို နေထိုင်နေကြရပြီး စားသောက်ရေး အခက်အခဲကြုံနေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ KNLA၊ PDF ပူးပေါင်းတပ်တို့ကြား ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။
တိုက်ပွဲကြောင့် မင်းလက်ပန်ရွာ၊ ဖလူးရွာနဲ့ ထီးမဲ့ဝါးခီးရွာသား စုစုပေါင်း ၅ ရွာလောက်က စစ်ရှောင် ၁၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ခိုလှုံဖို့ ထွက်ပြေးလာကြပေမယ့် ထိုင်းအာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် သောင်ရင်းမြစ်ကမ်းနားမှာ နေထိုင်နေကြရတာပါ။
စစ်ရှောင်တဦးက “မနေ့ကတည်းက ပြေးလာပြီး မြစ်ကမ်းဘေးမှာ ဖြစ်သလိုနေကြတာ၊ ရေက သောက်ရေရော၊ သုံးရေရော သောင်ရင်းမြစ်ထဲက ရေပဲ သုံးနေကြတယ်။ ရိက္ခာ နည်းနည်းပဲ ရှိတယ်။ အကုန်လုံး အခက်အခဲ ကြုံနေကြတာ” လို့ ပြောပါတယ်။
မဲဆောက်မြို့တဖက်ကမ်း မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေးမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ အဝတ်အထည်တွေ ပေးပို့လှူဒါန်းဖို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြင်ဆင်နေကြတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေကြောင့် မဲထော်သလေး၊ ထီးမယ်ဝါခီး၊ လေးကေ့ကော်၊ ပဟိကလော် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ လောက် ထိုင်းဘက်မှာ လာရောက်ခိုလှုံနေကြပြီး ဒီဇင်ဘာ ၁၉ ရက်နေ့ ထပ်မံထွက်ပြေးလာတဲ့ စစ်ရှောင်တွေကတော့ ကူးခွင့်မရတာကြောင့် သောင်ရင်းမြစ်ကမ်းနားမှာ နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။