ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအပါအဝင် ၅၀ နီးပါး သေဆုံးတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းထိ မေတ္တာလင်းမြိုင်နှင့် မဲ့ထော်သလေးကျေးရွာအကြားမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူး ၂ ဦး၊ ဒုတပ်ခွဲမှူး ၂ ဦး အပါအဝင်တပ်ဖွဲ့ဝင် ၅၀ နီးပါးသေဆုံးတယ်လို့ ကေအန်ယူ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ကေအန်ယူတာဝန်ရှိသူတစ်ဦးက "ဒီနေ့ သူတို့ ဘက်က အထိနာပြီး ပြန်ဆုတ်သွားတယ်။ လက်နက်တွေပါ သိမ်းဆည်းရမိတယ်။ အရာရှိတွေအပါအဝင် ၅၀ လောက်သေတယ်။ တိုက်ပွဲအခြေအနေက ပြောလို့မရသေးဘူး"လို့ ပြောပါတယ်။
ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ KNLA၊ PDF တပ်တို့ ဖလူးကျေးရွာအတွင်း ထပ်မံတွေဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၆၀ မမ ၁ လက်၊ ပစ္စတို ၄ လက်၊ စနိုက်ပါ ၁ လက်၊ MK1 ၃ လက်၊ MK2 ၃ လက် စုစုပေါင်း ၁၂ လက်၊ လက်ပစ်ဗုံး၊ ကျည်ကပ်တွေနဲ့ ကျည်ဆန်တွေကို KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီကနေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်တွေ ပျံဝဲနေတဲ့အတွက် ဗုံးကြဲတိုက်ခိုက်မှာကို ဒေသခံတွေကစိုးရိမ်နေကြသလို့ ဘေးလွတ်ရာ စစ်ရှောင်စခန်းတွေနဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။