မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အမျိုးသမီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
စေတုတ္တရာမြို့နယ် အန်အယ်လ်ဒီ အမျိုးသမီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါ်အေးအောင် (ခေါ်) ဒေါ်စန္ဒာကို ဒီဇင်ဘာ ၁၈ ရက်နေ့က စလင်းမြို့နယ် ကူတိုရွာနားမှာ ဖမ်းဆီးသွားတာလို့ နီးစပ်တဲ့ မိတ်ဆွေတစ်ယောက်က ပြောပါတယ်။
ဒေါ်အေးအောင်ရဲ့ ဖုန်းထဲမှာ စေတုတ္တရာ PDF ဓာတ်ပုံတွေ တွေ့သွားတာကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး ညဘက်မှာ ဆက်သွယ်ထားတဲ့ ဖုန်းနံပါတ်တွေကိုလည်း စစ်အုပ်စုတွေက တခြားဖုန်တစ်လုံးနဲဆက်သွယ်ပြီး ထောင်ချောက်ဆင်ဖမ်းဆီးဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။
ဒေါ်အေးအောင်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စေတုတ္တရာ ကပစ စစ်ကြောရေးကို ပို့ဆောင်လိုက်တယ်လို့ သိရပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ စလင်းမြို့က ကားဂိတ်တွေမှာ သူမှာထားတဲ့ ပစ္စည်းတွေကို စစ်ကောင်စီက လိုက်လံသိမ်းဆည်းနေတယ်လို့ ပြောပါတယ်။
အဲဒီ စေတုတ္တရာ ကပစ စစ်ကြောရေးဟာ ခရစ်ယာန်ဓမ္မဆရာ ဆလိုင်းငွေကြာနဲ့ ပြည်သူတစ်ယောက်ကို သေဆုံးအောင်နှိပ်စက်ထားတဲ့ စစ်ကြောရေးစခန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။