မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကို ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ စစ်တပ်က မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီနေ့မနက် ၇ နာရီကျော်လောက်က စတင်မီးရှို့နေတာဖြစ်ပြီး နေအိမ်သုံးလုံး မီးလောင်ကျွမ်းကာ ဆက်ပြီးတော့ မီးလောင်နေသေးတယ်လို့ နှမ်းခါးကျေးရွာ ဒေသခံ တစ်ယောက်က ပြောပါတယ်။
“တိမ်းရှောင်နေတဲ့ နေရာကနေ မီးခိုးလုံးကြီးတွေ အလုံးလိုက်လှမ်းမြင်ရတယ်။ ဒါနဲ့ဆိုရင် စစ်တပ်က နှမ်းခါးရွာကို မီးရှိုတာ ၅ ကြိမ်ရှိပြီ။ ပထမအကြိမ်တွေတုန်းက နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့ပြီးပြီ။”
ဒါ့အပြင် ဒေသခံပြည်သူရဲ့ ဆိုင်ကယ်တွေအားလုံးကိုလည်း မီးပုံရှို့တဲ့အပြင် နေအိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုလည်း စိတ်ကြိုက် ခိုးယူကြတယ်လို့ ဆိုပါတယ်။ ဒီနေ့မနက် မီးရှို့မှုကြောင့် နှင်းခါးရွာက နေအိမ်ဘယ်နှလုံး ပျက်စီးဆုံးရှုံးတယ်ဆိုတာ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းကလည်း နှမ်းခါးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေ အစည်းဝေးလုပ်နေတာကို စစ်ကောင်စီတပ်က သတင်းရပြီး ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ သိပါတယ်။
စစ်ကောင်စီတပ်တွေဟာ နှမ်းခါးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး နေအိမ်တွေကို မီးရှို့ကာ ရွာသားတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
မီးရှို့မှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပိုင်မီဒီယာတွေကနေ သူတို့ရှို့တာ မဟုတ်ဘူးလို့ အမြဲငြင်းလေ့ရှိပါတယ်။