နတ်တော်လပြည့်နေ့ ကျရောက်တဲ့ ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာဆနီပွဲတော်ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က ဂန္ဓာရီပရဟိတကျောင်းမှာ ဒီဇင်ဘာ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။
ခမီလူမျိုးများစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဦးခင်မောင်လွင်က “နှစ်သစ်ကူးဆနီပွဲက ခမီလူးမျိုးတွေရဲ့ ရှေ့ယခင် ဘိုး၊ဘွားတွေ လက်ထက်ကတည်းက ကျင်းပခဲ့ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် မဖွံ့ဖြိုးမတိုးတက်တဲ့အတွက် ရေရှည် မကျင်းပနိုင်ခဲ့ကြဘူး။ ၂၀၁၈ ခုနှစ်ကတည်းကစပြီး စတင်ကျင်းပလာနိုင်ခဲ့ကြတယ်။ အခုလို ကျင်းပနိုင်ဖို့ အားလုံးစည်းစည်းလုံးလုံးနဲ့ ညှိနှိုင်း ကြိုးစားခဲ့ကြရတယ်။ အခုလို မိမိတို့ရဲ့ ရိုးရာဓလေ့ပွဲကျင်းပနိုင်လို့ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာရတယ်”လို့ ပြောပါတယ်။
ခမီရိုးရာနှစ်သစ်ကူဆနီပွဲဟာ ‘နေ’ထွက်လာတဲ့အချိန်မှာ နေထွက်အကကို ကကြပြီး ‘လ’ထွက်လာတဲ့ အချိန်မှာ လထွက်အက ကို ကကြရပါတယ်။
ဆနီပွဲကျင်းပတဲ့ကွင်းမှာ ‘လ’တိုင်နဲ့ ‘နေ’တိုင်ကို စိုက်ထူရာမှာ ဝါး ၇၅ လုံးနဲ့ ပြုလုပ်ရတယ်။ လတိုင်နဲ့နေတိုင်မှာ ကျွဲ၊ နွား တကောင်စီ ချည်ပြီး သတ်ဖြတ်ပူဇော်ကြရတယ်။ နောက်ရက်တွေမှာ ကပွဲ ဆက်ကျင်းပချင်တယ်ဆိုရင် ငွေကြေးတတ်နိုင်သူတွေက ၀က်ကို ချည်နှောင်ပြီး သတ်ဖြတ်ပူဇော် ကပြကြရပါတယ်။ ပွဲရက်တိုးချဲ့ကပြမယ်ဆိုရင် နောက်ထပ်သားကောင်တွေကို ချည်နှောင် သတ်ဖြတ်ပြီး ကပြရပါတယ်။
ခမီအမျိုးသမီးမနီနီဝင်းရွှေက “ကျမတို့ ရိုးရာ ဆနီပွဲကို အခုလို ကျင်းပနိုင်တာ အလွန်ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ နောက်လည်း ဒီထက်မကစည်ကားစွာ ကျင်းပနိုင်ဖို့ ကျမတို့ ကြိုးစားသွားရမှာပါ” လို့ ဆိုပါတယ်။
ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာ ဆနီပွဲကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတကျောင်းမှာ ကျင်းပခဲ့ပြီး မြောက်ဦးမြို့နယ် လောင်ရီချောင်းကျေးရွာမှာ တနှစ်ကျင်းပခဲ့ကာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မကျင်းပနိုင်ခဲ့ပါဘူး။
၂၀၁၈ ခုနှစ်မှာ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် စတင်ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စတုတ္ထအကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။