မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းပေါ်ရှိ မင်္ဂလာ မန္တလေးအိမ်ရာဝင်း မြေညီထပ်ရှိ ကုမ္ပဏီတခုမှာ ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီဝန်းကျင်က ဓားပြမှုတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မတ်(စ်) တပ်ထားကြတဲ့ အမည်မသိအမျိုးသားလေးဦးဟာ လက်နက်တွေကိုင်ဆောင်ပြီး ကုမ္ပဏီရဲ့ ငွေထုတ် ငွေသွင်းနေရာကနေ အိတ်နဲ့ထည့်ထားတဲ့ ငွေကျပ်သိန်း ၃၀၀၀ ကို ယူဆောင်သွားတာလို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။
မြို့သစ် (၁) ရပ်နေ ပြည်သူတစ်ဦးက “မနေ့ကတော့ မင်္ဂလာမန္တလေးမှာ ညနေပိုင်း စစ်သားတွေရော အရပ်ဝတ် လက်နက်ကိုင်တွေရော အကုန်ရှိနေတာတွေ့တယ်။ ဓားပြတိုက်သွားတာလို့လည်း ကြားတယ်။ အစက တော်လှန်ရေးမှာ ပါသူတွေ လာဖမ်းတယ်ထင်နေတာ” လို့ ပြောပါတယ်။
ဓားပြတိုက်မှုနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ နေရာအနှံ့ စစ်ကောင်စီတပ်သားတွေ လှည့်လည်နေတဲ့အပြင် လမ်းဆုံ လမ်းခွတွေမှာ ပိတ်ဆို့တားဆီးစစ်ဆေးတာတွေ လုပ်နေကြပေမယ့် ခိုးဆိုးလုယက် လုပ်ငန်းတွေ တစ်နေ့ထက် တစ်နေ့တိုးလာကြပါတယ်။
စစ်ကောင်စီတပ်သားတွေ လှည့်လည်တာ၊ လမ်းဆုေလမ်းခွတွေမှာ ပိတ်ဆို့တားဆီး စစ်ဆေးတာတွေဟာ ခိုးဆိုးလုယက်မှုတွေ ဖော်ထုတ်ဖို့ထက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာပါတဲ့ လက်နက်မဲ့ ပြည်သူတွေကို ဖမ်းဆီးဖို့ကို လုပ်ဆောင်နေတာလို့ မြို့ခံတချို့က သုံးသပ်ကြပါတယ်။