မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက ရွေးကောက်ပွဲ မသမာမှုနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲလိုက်တယ်လို့ အမှုလိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေဆီကနေ သိရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ဘက်လိုက်တယ်ဆိုပြီးတော့ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး ရာဇသတ်ကြီးပုဒ်မ ၁၇၇(စ) နဲ့ တရားစွဲဆိုကာ ဒီကနေ့ရုံးထုတ်တယ်လို့ အမှုလိုက်ပါ အကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။
“ကျနော်လည်း အခုမှသိရတာဖြစ်ပြီး အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ ပါဝါတင်ခဲ့တယ်ဗျ။ အဲဒီအမှုနဲ့ ပတ်သက်လို့ ကျနော်ရယ်၊ ဦးမြင့်အောင်ရယ်၊ ဒေါ်စန္ဒီမြင့်နိုင်ရယ်၊ တရားလွှတ်တော်ရှေ့နေ သုံးယောက် လိုက်ပါအကျိုးဆောင်ပေးမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေအားလုံး ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲဗျ။ သူတို့ကတော့ ပြစ်ဒဏ်ဘယ်လောက်ချချ မမှုတဲ့ပုံစံမျိုးဘဲ။ ဘာလို့လည်းဆိုတော့ ထောင်ထဲမှာ အနေကြာလာတဲ့အပြင် စစ်ကောင်စီက ပြစ်ဒဏ်ချချင်သလောက်ချနေတာဆိုတော့ သိပ်မမှုတော့တဲ့ ပုံစံမျိုးနဲ့ ပေါ့ပေါ့ပါးပါးပါပဲ” လို့ ပြောပါတယ်။
အဲဒီ ရွေးကောက်ပွဲအမှုဟာ ရဲအရေးပိုင်တဲ့ အမှုမဟုတ်ကြောင့် တရားရုံးဦးတိုက်လျှောက်ရတဲ့ အမှုဖြစ်ပြီးတော့ အမြင့်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက ဇွန် ၇ ရက်နေ့က ပုဒ်မ-၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပြီးတော့ အဂတိမှု ၆ မှုနဲ့ တရားစွဲဆိုထားတာလို့ သိရပါတယ်။
၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ တစ်မှုကို အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်ပါတယ်။