မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၄၅ ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၀၆၂ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၉၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ စခန်းကြီးကုန်းကျေးရွာအခြေစိုက် မဟာကုသလကာရီနာရေးကူညီမှုအသင်းရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးသန်းမြင့်ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဦးသန်းမြင့်ရဲ့ ရုပ်အလောင်းမှာ ဦးခေါင်းနဲ့ မျက်နှာအပါအဝင် တစ်ကိုယ်လုံး ရိုက်နှက်ခံထားရတဲ့ ညိုမည်းဒဏ်ရာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေက အမျိုးသား နှစ်ဦးကို ဆိုင်ကယ်အတူစီးတယ်ဆိုပြီး ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလွင်ဦး ကျဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်တွင်လိုက်ပါလာတဲ့ ကိုပြည့်စုံဦးကတော့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။