မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဝန်ထမ်းလိုင်းခန်းမှာ ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီ အချိန်လောက်က ဂစ်တာတီးပြီးသီချင်းဆိုနေတဲ့ Non CDM ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၆ ယောက်ကို စစ်ကောင်စီက ဝင်ရောက်အကြမ်းဖက်ရိုက်နှက်သွားခဲ့ပါတယ်။
Non CDM မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာဝန်တယောက်၊ သွားဆရာဝန်နှစ်ယောက်၊ ကျန်းမာရေးကြီးကြပ်သူတယောက်၊ အမျိုးသမီးဝန်ထမ်းနှစ်ယောက်၊ စုစုပေါင်း ၆ ယောက်တို့ ဝိုင်းဖွဲ့ သီချင်းဆိုနေခဲ့ကြစဉ် စစ်သားတွေက ဝင်ရောက် အကြမ်းဖက်ရိုက်နှက်ခဲ့တာဖြစ်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဆရာဝန်နဲ့ သွားဆရာဝန်တယောက် မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
"စစ်သားတွေက အုတ်တံတိုင်းကိုကျော်ပြီးဝင်လာတာပါ။ အဲ့ဒီနေ့က တစ်နိုင်ငံလုံး ငြိမ်သက်သပိတ်နေ့ဖြစ်ပါတယ်။ သူတို့ ဂစ်တာတီးပြီး သီချင်းဆိုနေတဲ့အချိန်မှာ စစ်သားတွေရောက်လာပြီး အောင်ပွဲခံနေတာလားလို့ မေးတယ်။ ဂစ်တာနဲ့ ဖုန်းတွေကို လုသွားတယ်" လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်မနက်က ရိုက်နှက်ခံရတဲ့ Non CDM ဆရာဝန်တွေက မြို့နယ်ထွေအုပ်ရုံးကို သွားရောက်တိုင်ကြားပေမဲ့ အမှုမဖွင့်ဖို့ မြို့နယ်ထွေအုပ်ရုံးတာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဆေးရုံအုပ်မြို့နယ်ဆရာဝန်ကြီးကလည်း ရိုက်နှက်ခံရတဲ့ ဖြစ်စဉ်အတွက် ကူညီဖြေရှင်းပေးတာ မရှိဘူးလို့ သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ညပိုင်းအထိ မြိုင်မြို့နယ်မြောက်ပိုင်းမှာ စစ်သားအင်အားတွေထပ်တိုးချထားပြီး စစ်ကြောင်းထိုး အကြမ်းဖက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံ PDF တစ်ယောက်က အတည်ပြုပါတယ်။