စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတဲ့ ကဲဘာကျေးရွာ စစ်ဘေးရှောင်ဒေသခံ နှစ်ထောင်ကျော် စားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
ကဲဘာကျေးရွာကို ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
ကဲဘာကျေးရွာအနီး သလဲဘာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး တပ်စွဲထားတာကြောင့် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ပါက တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သလဲဘာကျေးရွာဘက်ကို တပ်စွဲထားကြတယ်လို့ကြားတယ်။ ကျနော်တို့အိမ်တွေ မီးထဲ ပါသွားတော့ ပြန်စရာအိမ်မရှိတော့ဘူးလေ၊ တပ်စွဲထားတာကြားတော့ ကြောက်လို့မပြန်ရဲကြဘူး။ စားဖို့လည်း ကျနော်တို့မှာခက်ခဲပါတယ်။ အသက်ကြီးရွယ်အိုတွေလည်း ပါလာတော့ တောထဲ ဆိုတော့ နေမကောင်းတာတွေလည်းရှိတယ်။ အဲ့ဒါတွေအတွက် ဆေးဝါးလည်း လိုအပ်နေပါတယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး ကဲဘာကျေးရွေကို လက်နက်ကြီးတွေ နဲ့ပစ်ခတ်ဖျက်ဆီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
ကဲဘာကျေးရွာမှာ အိမ်ခြေ ၅၀၀၊ လူဦးရေ ၂၀၀၀ လောက်ရှိပြီး ကဲဘာရွာမြောက်ပိုင်းက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တောင်ပိုင်းမှာတော့ မီးမရှို့ဘဲ နေအိမ်တွင်းက ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
“ထွက်ပြေးတုန်းကတော့ မိသားစုလိုက်ထွက်ပြေးသူတွေရှိတယ်။ တချို့အမျိုးတွေဆီ ထွက်ပြေးတဲ့ သူတွေရှိတယ်။ ထွက်ပြေးတဲ့သူတွေ အကုန်လုံး တစုတစည်းတည်း ရှောင်ပုန်းနေရတာတော့ မဟုတ်ပါဘူး။ ထွက်ပြေးလာရကတည်းက စားစရာသောက်စရာခက်ခဲတယ်၊ ရွာပြန်ပြီး ခဏ ကြည့်တော့လည်း စားစရာချက်ပြုတ်ထားတာတွေ ဆန်တွေကို သွန်ပစ်သွားကြတယ်။ ဖုန်း အားသွင်းပြီး အကူအညီတောင်းရအောင်ကလည်း လျှပ်စစ်မီးမရှိတော့ အားသွင်းစရာမရှိဘူးလေ ဘယ်ကိုမှ အဆက်အသွယ်လုပ်လို့ မရဘူး။ လက်ရှိအားကျန်လေးနဲ့ ချွေတာပြီးသုံးနေရတယ်” လို့ ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။
အရာတော်နောင်ကြီးအိုင်ကျေးရွာကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။
လက်ရှိ အချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကနီ၊ တန့်ဆည်၊ ဒီပဲယင်း၊ဆားလင်းကြီး၊ ကန့်ဘလူ၊ မြောင် စတဲ့ ဒေသတွေမှာ စစ်တပ်နဲ့ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့နယ် ၄ ခုက လူနေအိမ်ပေါင်း ၂၆၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပြီး စစ်ဘေးရှောင်ဦးရေ ၄၀၀၀၀ နီးပါး ရှိနေပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။