မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၇ လမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြားရှိ ရေနီမြောင်းဈေးမှာ ဒီဇင်ဘာလ ၁၃ ရက် မနက်ပိုင်းက စျေးဝယ်နေတဲ့ အရပ်ဝတ်စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခံရသူတွေဟာ မဟာနွယ်စဉ်ရပ်ကွက်ရုံးမှာ တပ်စွဲထားတဲ့ ကင်းစခန်းက တပ်သားတွေဖြစ်ပြီး တပ်ကြပ် သန့်ဇော်၊ တပ်သား ဇေယျာအောင်၊ တပ်သား ဇော်မျိုးဦးတို့ ဈေးဝယ်နေချိန် အမည်မသိအမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်သွားတာလို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် တပ်ကြပ် သန့်ဇော်မှာ နားထင်နဲ့ နှာခေါင်း ကျည်ဖောက်ထွက်ဒဏ်ရာတွေ ရရှိပြီး နေရမှာတင် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် တပ်သား ဇေယျာအောင်မှာလည်း ညှပ်ရိုး ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ နားထင် ရှပ်မှန်ဒဏ်ရာတစ်ချက်ရရှိပြီး မန္တလေးဆေးရုံကြီးမှာတင်ပို့ထားရတယ်လို့ သိရပါတယ်။